လူနာကို

January 19, 2018

လူနာကို ပစ်ထားခဲ့သည့် အမေရိကန် တက္ကသိုလ်ဆေးရုံ တရားစွဲခံရ

အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် တက္ကသိုလ်ဆေးရုံက ကျန်းမာရေး အာမခံမရှိလို့ဆိုပြီး လူနာတဦးကို ဆေးရုံက ဆင်းခိုင်းခဲ့ရာမှာ  လူနာဟာ အလွန်အေးတဲ့ လမ်းပေါ်မှာ လျောက်သွားနေခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး  မိသားစုဝင်တွေက ဆေးရုံကို တရားစွဲဆိုလိုက်ပါတယ်။ အခုဖြစ်ရပ်ဟာ မေရီလန်းတက္ကသိုလ်ဆေးရုံမှာ ဇန်နဝါရီ ၉ ရက်ညက ဖြစ်ပွားခဲ့တာပါ။ ဆေးရုံက ဆင်းခိုင်းလိုက်တဲ့ လူနာဟာ ရေဗက်ကာ ဆိုသူဖြစ်ပြီး အလွန်အေးနေတဲ့ ညအချိန်မှာ လူနာအဝတ်အစားသာ ဝတ်ဆင်ပေးထားပြီး  ဆေးရုံရှေ့က ဘတ်စ်ကားဂိတ်မှာ ထားခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို   အနီးအနားက ဖြတ်သွားဖြတ်လာတဦးဖြစ်တဲ့ အမာမူဘာရကာ ဆိုသူ က ဗီဒီယိုရိုက်ကူးခဲ့ပြီး ဖေ့စ်ဘွတ်ပေါ် လွှင့်တင်ခဲ့တာပါ။ ဇန်နဝါရီ ၁၈ ရက်မှာ လူနာရဲ့ မိသားစုနဲ့ ရှေ့နေတို့ဟာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး “ မေရီလန်းတက္ကသိုလ် ဆေးကုသရေးစင်တာဟာ လူနာရေဗက်ကာကို အလွန်အေးတဲ့နေရာမှာ ပစ်ထားခဲ့တယ်” လို့ ပြောကြားခဲ့ပါတယ်။ “ရေဗက်ကာကို အလွန်ဆိုးဆိုးဝါးဝါး ထိခိုက်စေခဲ့တာပါ။ သူဟာ ဒီလိုမျိုး အလုပ်ခံရအောင် ဘာမှာလုပ်ခဲ့တာ မဟုတ်ပါဘူး။ သူက နာမကျန်းဖြစ်နေတဲ့သူပါ။ သူဟာ ဥပဒေကြောင်းအရ သူ့ကို ကူညီရမယ့်လူတွေဆီကနေ အကူအညီတောင်းခံဖို့ ကြိုးစားခဲ့တာပါ။ မေရီလန်းတက္ကသိုလ် ဆေးကုသရေးစင်တာဟာ ကျနော့်ရဲ့ အမှုသည် ရေဗက်ကာကို သေအောင် ပစ်ထားခဲ့တာပါ” လို့ လူနာရဲ့ ရှေ့နေ ဂျေဝင်ဒယ် ဂေါ်ဒွန် ကပြောကြားပါတယ်။ “ရေဗက်ကာရဲ့ အခြေအနေက ဆေးရုံမှာ အတန်အသင့်နေပြီး အခြေအနေ တည်ငြိမ်အောင် ကုသပေးဖို့လိုပါတယ်။ မေရီလန်းတက္ကသိုလ်ဆေးရုံက သူ့ကို ကျန်းမာရေး အာမခံမရှိဘူးလို့ယူဆပြီး ကုသမှုမပေးဘဲ လမ်းပေါ်ကို ပြန်ပို့လိုက်တာပါ။ ဆေးရုံရဲ့ ကုန်ကျစားရိတ်သက်သာဖို့အတွက် လူနာဘာတွေ ဖြစ်နေဖြစ်ေ်နဆိုတဲ့သဘောနဲ့ လမ်းပေါ် ပစ်ထားခဲ့တဲ့သဘောပါ။ သူတို့လုပ်ရပ်က ခပ်လွယ်လွယ် တွက်ချက်ထားတဲ့ ရှုံးအမြတ်တွက်နည်းနဲ့ လုပ်ခဲ့တာပါ။ သူတို့အတွက် လွန်ရောကျွံရော အရှုံးဖြစ်ချင်းဖြစ် လူနာ ရေဗက်ကာရယ် ဖြတ်သွားဖြတ်လာ အမာမူ ဘာရာကာ တို့ရယ်ဟာ အဲဒီအချိန် အဲဒီလို နေရာ အဲဒီလိုရာသီဥတုမျိုးမှာ လမ်းများစွာကို ဖြတ်သန်းလျောက်သွားခဲ့ရတဲ့ အရှုံးလောက်ပဲ ရှိခဲ့မယ်လို့ ဆေးရုံ တွက်ချက်ခဲ့ပုံရပါတယ်။ တကယ်လည်း အဲဒီအတိုင်းဖြစ်ခဲ့တာပါ” လို့ လူနာ ရေဗက်ကာရဲ့ ရှေ့နေ ဂျေဝင်ဒယ် ဂေါ်ဒွန် ကပြောကြားသွားတာပါ။ “ကျမသမီးကို သူတို့ အခုလိုလုပ်ရလောက်အောင် ကျမသမီးက ဘာအမှား တခုမှ လုပ်ခဲ့တာမဟုတ်ပါဘူး။ ရေဗက်ကာဟာ အိမ်ခြေယာမဲ့လည်း မဟုတ်ပါဘူး။ အာမခံကြေးမပေးတဲ့ သူလည်းမဟုတ်ပါဘူး။ ဆေးသုံးထားတာလည်း မဟုတ်သလို သူတို့ ဂရုစိုက်မယ့်သူမရှိ၊ မိသားစုမရှိတဲ့ ချစ်ခြင်းမေတ္တာပေးမယ့် သူမရှိတဲ့ မိန်းကလေးလည်း မဟုတ်ပါဘူး။ သူတို့ ယူဆချက်နဲ့ ပြောင်းပြန်လို့ ဆိုရလောက်အောင် ရေဗက်ကာကို အထောက်အပံ့ပေးမယ့်၊ နေထိုင်စရာစီစဉ်ပေးမယ်။ စိတ်ကျန်းမာရေး ဝန်ဆောင်မှုပေးမယ်၊ ဆေးဝါးကုသပေးမယ်  လိုအပ်တဲ့အရင်းအမြစ်တွေ သူ့မှာ ရှိပါတယ်။ ရေဗက်ကာမှာ ကျန်းမာရေး အာမခံရှိပါတယ်။ ရေဗက်ကာမှာ သူ့ကို မြတ်မြတ်နိုးနိုးချစ်ချင်ကြတဲ့ မိသားစုရှိပါတယ်။ အထူးသဖြင့် သူနဲ့အလွန်ချစ်ကြတဲ့ အမြွာညီအစ်မ ရို့စ်လင်းလည်းရှိပါတယ်။” လို့ လူနာ ရေဗက်ကာရဲ့ မိခင် ရှရယ်ချန်ဒလာက ပြောပါတယ်။
4 years Ago
Up