လူထုအသုံးစရိတ်လျှော့ချရေးအစီအစဉ် ဗြိတိန်ပြည်သူ သောင်းချီ ဆန္ဒပြ

June 21, 2015

လူထုအသုံးစရိတ်လျှော့ချရေးအစီအစဉ် ဗြိတိန်ပြည်သူ သောင်းချီ ဆန္ဒပြ

ရွေးကောက်ပွဲအနိုင်ရ ဗြိတိန်ကွန်ဆာဗေးတစ်အစိုးရရဲ့ လူထုအသုံးစရိတ် လျော့ချရေးအစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြပွဲတွေ ဇွန် ၂၀ ရက်နေ့က လန်ဒန်မြို့လယ်မှာ ကျင်းပခဲ့ကြပြီး ဗြိတိန်ပါလီမန်အထိ လမ်းလျှောက် ချီတက်ခဲ့ကြပါတယ်။ “လူထုခြိုးခြံချွေတာရေးအစီအစဉ်တွေကို ရပ်၊ လူမှုဖူလုံရေးအစီအစဉ်တွေအတွက် စစ်ပွဲတွေကိုရပ်” စတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး ဗြိတိန်ဗဟိုဘဏ်ရှေ့မှာ အရင်စုရုံးခဲ့ကြတာပါ။ အဲ့ဒီနောက်မှာ ဗြိတိန်ပါလီမန်အထိ လမ်းလျှောက်ချီတက်သွားခဲ့ကြပြီး အတိုက်အခံနိုင်ငံရေးခေါင်းဆောင်တွေနဲ့ အနုပညာရှင်တွေဟာ ပါလီမန်ရှေ့မှာ လူထုဟောပြောပွဲတွေလည်း လုပ်ခဲ့ကြပါတယ်။ လက်ရှိ အာဏာရ ကွန်ဆားဗေးတစ်ပါတီဟာ ပြီးခဲ့တဲ့လရွေးကောက်ပွဲမှာ မမျှော်လင့်ပဲ အနိုင်ရရှိခဲ့ပြီး အစိုးရလိုငွေပြမှုကို ကာမိဖို့ လူထုအသုံးစရိတ်တွေကို လျော့ချဖို့ လုပ်ဆောင်နေတာပါ။ မြောက်အိုင်ယာလန် ဒုဝန်ကြီးချုပ်လည်း ဆန္ဒပြချီတက်ပွဲကို တက်ရောက်လာပြီး မိန့်ခွန်းပြောဆိုပါတယ်။ “ဒီအစိုးရဘတ်ဂျက်ဖြတ်တောက်မှုအစီအစဉ်တွေဟာ ကျနော်တို့လူထုထဲမှာ အခွင့်အရေးအနည်းဆုံး လူတွေ၊ မသန်မစွမ်းနဲ့ သက်ကြီးရွယ်အိုတွေကိုပဲ ထိခိုက်မှာပါ။ ကျနော်အစိုးရ ၀န်ကြီးတဦးအနေနဲ့တော့ အခုလိုပြည်သူတွေကို ထိခိုက်မယ့် အစိုးရအစီအစဉ်တွေကို လုပ်မှာမဟုတ်ပါဘူး။” ဒီဆန္ဒပြချီတက်ပွဲကို ဗြိတိန်အလုပ်သမားသမဂ္ဂတွေ၊ စစ်ဆန့်ကျင်လှုပ်ရှားသူတွေ၊ အတိုက်အခံေ လေဘာပါတီနဲ့ ဂရင်းပါတီဝင်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ခြိုးခြံချွေတာရေး အစီအစဉ် ဆန့်ကျင်ရေးလှုပ်ရှားမှုအဖွဲ့ကြီးက ဦးဆောင်စီစဉ်တာပါ။ ပါဝင်ချီတက်သူအားလုံး ၈ သောင်းကျော်တယ်လို့ အင်တာနက်လူမှုကွန်ရက်တွေမှာ ဖော်ပြပါတယ်။ anti-austerity-protestsအခုလိုလူထုဆန္ဒပြပွဲကို ပြီးခဲ့တဲ့နှစ်အောက်တိုဘာလကလည်း ဗြိတိန်အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က လုပ်ခလစာ တိုးမြှင့်ပေးရေး ဦးဆောင်ကျင်းပခဲ့ပါတယ်။ အဲ့ဒီတုန်းက လူ ၉ သောင်းလောက်ပါဝင်ချီတက်ခဲ့ကြပါတယ်။
6 years Ago
Up