လူစုလူဝေးဖြင့်လှည့်လည်အင်အားပြခဲ့သည့် ခေါင်းဆောင်

October 22, 2020

ပုသိမ်မြို့၌ လူစုလူဝေးဖြင့်လှည့်လည်အင်အားပြခဲ့သည့် ခေါင်းဆောင် ၂၂ ဦးကို အရေးယူမည်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အင်အားကြီးပါတီ ၂ ခုကို လူစုလူဝေးနဲ့ ဝန်းရံထောက်ခံအင်အား ပြလှည့်လည်ရာမှာ  ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင် ၂၂ ဦးကို  မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက  အမှုဖွင့် အရေးယူဖို့ စီစဉ်နေပါတယ်။ ပုသိမ်မြို့မှာ အောက်တိုဘာ ၁၇ ရက်က အင်အားကြီးပါတီ ၂ ခုဖြစ်တဲ့ အန်အယ်လ်ဒီ ပါတီနဲ့ ကြံ့ခိုင်ရေးပါတီတို့ကို ထောက်ခံဝန်းရံသူတွေက မြို့တွင်း လူစုလူဝေးနဲ့ အင်အားပြ လှည့်လည်ခဲ့တာနဲ့ပတ်သက်ပြီး အဖွဲ့ခေါင်းဆောင် ၁၀ ဦးကို အရေးယူဖို့ ညွှန်ကြားချက် ရောက်လာပြီလို့ သိရပါတယ်။ ဒါ့ပြင် ပုသိမ်မြို့တွင်း အောက်တိုဘာ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ လူစုလူဝေးနဲ့ အင်အားပြ လှည့်လည်ခဲ့မှုနဲ့ပတ်သက်ပြီးလည်း ခေါင်းဆောင် ၁၂ ဦး ကို အရေးယူသွားဖို့ ထပ်မံ ခွင့်ပြုချက်တောင်းခံထားတယ်လို့ ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေးကပြောပါတယ်။ "ဦးဆောင်လုပ်တဲ့ ခေါင်းဆောင်တွေကို ဥပဒေအရအရေးယူဖို့ အစိုးရအဖွဲ့ကို တင်ပြခဲ့တာ ဒီနေ့ အရေးယူဖို့ ညွှန်ကြားချက်ရောက်ပါပြီ၊ ဒီနေ့ အမှုဖွင့်တရားစွဲနိုင်အောင် ဆောင်ရွက်သွားမှာပါ" လို့ ပြောပါတယ်။ အစိုးရအဖွဲ့ရဲ့ တရားစွဲဖို့ ခွင့်ပြုချက်ရတဲ့အထဲမှာ အန်အယ်လ်ဒီ ပါတီဝန်းရံထောက်ခံသူ ခေါင်းဆောင် ၈ ဦးပါဝင်ပြီး ကြံ့ခိုင်ရေးပါတီဝန်းရံ ထောက်ခံသူ ၂ ဦးပါဝင်ကာ အားလုံးကို သဘာဝ အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့ တရားစွဲဆိုသွားမယ်လို့ ဆိုပါတယ်။ ပုသိမ်မြို့မှာ အောက်တိုဘာ ၁၇ ရက်ကစတင်ကာ ပါတီထောက်ခံသူတွေ ထောင်နဲ့ချီကာ မြို့အတွင်းလှည့်လည် အင်းအားပြတာတွေကို တာဝန်ရှိသူတွေက လိုက်လံစုံစမ်းခဲ့ပြီး တရားဥပဒေအတိုင်းအရေးယူသွားဖို့ တင်ပြခဲ့တာဖြစ်ပါတယ်။ ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုများတဲ့ ပုသိမ်မြို့နယ်အပါအဝင် မအူပင်မြို့နယ်နဲ့ ဖျာပုံမြို့နယ်တွေကို စက်တင်ဘာ ၁၆ ရက်နေ့က စတင်ကာ Stay at Home မြို့နယ်တွေအဖြစ် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ခဲ့တာပါ။ အမိန့်ထုတ်ပြီးနောက်ပိုင်း ပုသိမ်မြို့မှာ နေအိမ် ပြင်ပသွားလာခွင့်ကတ်တွေ ထုတ်ပေးခဲ့သလို ဈေးဝယ်ပါက ၁ ဦးတည်း ထွက်ဖို့နဲ့ မလိုအပ်ရင် အပြင်မထွက်ဖို့ စတဲ့အချက်တွေကို တာဝန်ရှိသူတွေက မြို့အတွင်း လိုက်လံအသိပေးခဲ့ပါတယ်။ မြန်မာနိုင်ငံ တဝန်းမှာ ကိုဗစ်-၁၉ ကပ်ဘေးကာလ လူ ၃၀ ထက်ပိုမစုဝေးဖို့နဲ့ မဲဆွယ်စည်းရုံးရာမှာ လူ ၅၀ ထက်မပိုစေဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အမိန့် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
1 year Ago
Up