လူငယ်၉ဦးဖမ်းဆီးခံရ

March 27, 2021

ကွတ်ခိုင်မြို့ ဆန္ဒပြပွဲကို အကြမ်းဖက်ဖြိုခွင်း၊ လူငယ် ၉ ဦး ဖမ်းဆီးခံရ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့မှာ ဒီကနေ့ မတ်လ ၂၇ ရက်က လူငယ်တွေ ပြောက်ကျားသပိတ်ပြုလုပ်ဆန္ဒပြနေစဉ် စစ်တပ်နဲ့ရဲက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းဖမ်းဆီးခဲ့ တဲ့အတွက် လူငယ် ၉ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

စစ်အာဏာရှင်တော်လှန်ရေး ဆန္ဒပြနေတဲ့ G-Z လူငယ်တွေကို စစ်တပ်နဲ့ရဲတွေက အင်အားသုံးပြီး မျက်ရည်ယိုဗုံး၊ အသံဗုံး၊ ရာဘာကျည်တွေနဲ့ လိုက်လံပစ်ခတ်​ဖြိုခွင်းဖမ်းဆီးတဲ့အတွက် လူငယ် ၇ ဦးအပါအဝင် စားသောက်ဆိုင်အတွင်း စားသောက်နေတဲ့ လူငယ်၂ ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ​မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

“ဆန္ဒပြတဲ့ ကလေးတွေကို ရဲနဲ့စစ်တပ်က ကြားညှပ်ဖမ်းတော့ ကလေးတွေက ချယ်ရီပွင့်စားသောက်ဆိုင်အ‌နောက် အိမ်ထဲ ဝင်ပုန်းဖို့ အုတ်တံတိုင်းကျော်ရင်း ဖမ်းခံရတာ။ ဆန္ဒပြတဲ့ ကလေး ၇ ယောက်နဲ့ ဆိုင်မှာ ခေါက်ဆွဲစားနေတဲ့ ကလေး၂ယောက်ကိုပါ ဖမ်းခေါ်သွားတာ တွေ့လိုက်တယ်”လို့  ကိုယ်တိုင်မြင်‌တွေ့ခဲ့တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံရတဲ့ လူငယ်တွေကို အာမခံနဲ့  လွတ်မြောက်လာဖို့ လုပ်ဆောင်‌နေတယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ G-Z လူငယ်တွေက ပြောပါတယ်။

8 months Ago
Up