လူငယ်များ ဖမ်းဆီးခံရ

October 16, 2021

မိုးကုတ်တွင် ညဘက်မီးဖြတ်ပြီး လူငယ်များကို လိုက်ဖမ်းဆီး၊ ၁၀ ဦး ဖမ်းခံရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အခုရက်ပိုင်း စစ်အုပ်စုက လျှပ်စစ်မီးဖြတ်ပြီး ရပ်ကွက်တွေထဲကို ဝင်ရောက်ကာ လူငယ်တွေကို လိုက်လံဖမ်းဆီးရာမှာ လူငယ် ၁၀ ယောက် လောက်အဖမ်းခံရတယ်လို့  ဒေသခံတွေထံက သိရပါတယ်။ 

စစ်အုပ်စုက အောက်တိုဘာ ၁၄ ရက်ညကစပြီး မီးဖြတ်ကာ ရပ်ကွက်တွေထဲ လိုက်လံ ဖမ်းဆီးတာ ဖြစ်ပြီး အောင်နီလာရပ်ကွက်ထဲက လူငယ် ၇ ဦး၊   အောက်တိုဘာ ၁၅ ရက်ညမှာတော့ တွင်းက ပြန်လာတဲ့ လူငယ် ၃ ဦး  ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

“ညဘက်တွေဆို ရပ်ကွက်တွေထဲ မီးဖြတ်ပြီးရင် လိုက်စွဲနေတာ။ ဒလန်က ကြိုပြီး အိမ်ပြ ထားတာဖြစ်မယ်။ နယ်ထိန်းကိုယ်တိုင်ပါတယ်။ နယ်ထိန်းက လမ်းတွေ ဘာတွေ သိတော့ ရပ်ကွက်တွေထဲ လိုက်ဖမ်းတယ်”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

မိုးကုတ်မြို့မှာ စစ်အုပ်စုက အင်တာနက်ဖြတ်တောက်ထားတာ တစ်လ ဝန်းကျင်ရှိပြီဖြစ်တာကြောင့် မိုးကုတ်မြို့ဒေသခံတွေအနေနဲ့ သတင်းတွေကို သိရခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။ 

“အရင်က အင်တာနက်ရတော့ တခုခုဆို ချက်ချင်းသိရတယ်။ ခုက အင်တာနက်မရတော့ ဘာမှကို မသိဘူး။  ညတွေ လိုက်ဖမ်းတာ နှစ်ညရှိပြီ”လို့ ဒေသခံတစ် ဦးကပြောပါတယ်။

3 months Ago
Up