လူငယ်စခန်း

A d v e r t i s e m e n t With Us

August 2, 2020

ဂျော်ဂျီယာပြည်နယ်ရှိ လူငယ်စခန်းတွင် လူ  ၂၆၀ ကျော် ကိုဗစ်-၁၉ ကူးစက်ခံရ

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်က ညအိပ် စတည်းချတဲ့ လူငယ်စခန်းတခုမှာ အချိန် သီတင်းပတ် တပတ်ခွဲအတွင်း ဝန်ထမ်းနဲ့ စခန်းချနေထိုင်သူ ၄၄ ရာခိုင်နှုန်းထက်မနည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ ရောဂါထိန်းချုပ်ရေးဌာန CDC က ပြောပါတယ်။ အတ္တလန္တာမြို့မြောက်ဘက် မိုင် ၁၀၀ အကွာ ရာဘန်းမြို့နယ်က ဟိုက်ဟာဘာစခန်းမှာ ကလေးနဲ့ ဝန်ထမ်း ၂၆၀ ကျော်ကို ဗိုင်းရပ်စ်ကူးစက်ခဲ့တာလို့ NBC သတင်းဌာနကို ကိုးကားပြီး သြဂုတ် ၂ ရက် ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဒီစခန်းဟာ သန့်ရှင်းရေးနဲ့ ပိုးသတ်ရေး လုပ်ဆောင်ချက်တွေကြောင့် CDC ရဲ့ ထောက်ခံချက် ရထားပေမယ့် စခန်းချတဲ့လူတွေက ပါးစပ်နှာခေါင်းစည်းတွေကို မဝတ်သလို လေဝင် လေထွက်ကောင်းအောင် ပြတင်းပေါက်တွေ တံခါးပေါက်တွေကို ဖွင့်ထားခဲ့ကြတယ်လို့ ဆိုပါတယ်။ စခန်းမချခင်က ဝန်ထမ်းတွေနဲ့ လူငယ်တွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံထားရတာ ရှိ၊ မရှိ စမ်းသပ်ခဲ့ကြပြီး စခန်းမဝင်ခင်က ကူးစက်ခံမထားရဘူးလို့လည်း အစီရင်ခံစာတွေက ပြောပါတယ်။ စခန်းဝင် နေသူတယောက်မှာ ရောဂါလက္ခဏာ စပြတာနဲ့ စခန်းကိုပိတ်ချခဲ့ပြီး လူအားလုံး ဆေးစစ်ဖို့ ဂျော်ဂျီယာပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနက ပြောခဲ့တယ်လို့ CDC အစီရင်ခံစာက ဆိုပါတယ်။ အမေရိကန်မှာ ဒီနေ့မွန်းလွဲပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ လူနာ ၄ ဒသမ ၇ သန်း သေဆုံးသူ ၁ သိန်းခွဲကျော်နေပြီလို့ သိရပါတယ်။ တကမ္ဘာလုံးအနေနဲ့ ကူးစက်ခံဦးရေဟာ ၁၈ သန်းကျော်နဲ့ သေဆုံးသူ ၆၈၈,၀၀၀ ကျော် ရှိနေပြီလို့ သိရပါတယ်။
6 months Ago
Up