လူငယ်ကြယ်ပွင့်

December 17, 2019

Golden Boy ဆု အက်သလက်တီကို လူငယ်ကြယ်ပွင့် ဂျာအိုဖီးလစ် ရရှိ

ဥရောပ အားကစားကလောင်ရှင်တွေက ရွေးချယ်ပေးအပ်တဲ့  Golden Boy လူငယ်ဘောလုံး ထူးချွန်ဆုကို အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ လူငယ်ကြယ်ပွင့် ဂျာအိုဖီးလစ်က ရရှိသွားပါတယ်။ ဒီဆုဟာ ဥရောပမှာ ကစားနေတဲ့ တက်သစ်စ လူငယ်ဘောလုံးကြယ်ပွင့်တွေထဲကမှ အကောင်းဆုံးတဦးကို မဲပေး ရွေးချယ်တာလည်း ဖြစ်ပါတယ်။ ဂျာအိုဖီးလစ်ဟာ ဂျေဒန်ဆန်ချို၊ ကိုင်ဟာဗက်ဇ်၊ အာလင်းဘရွတ်ဟာလန်းတို့ကို ကျော်ဖြတ်ပြီး ဆုရရှိသွားခဲ့တာပါ။ သူ ဘင်ဖီကာအသင်းမှာ ကစားစဉ်က ၄၃ ပွဲမှာ ဂိုး ၂၀ သွင်းယူခဲ့ပြီး  နွေရာသီအပြောင်းအရွှေ့မှာ အက်သလက်တီကို မက်ဒရစ်အသင်းဆီကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၁၃ သန်း ရောက်ရှိခဲ့တာပါ။  အသက် ၂၀ အရွယ် ပေါ်တူဂီကစားသမား ဂျာအိုဖီးလစ်ဟာ ကလပ်အောင်မြင်မှုတွေအပြင် နိုင်ငံအသင်းအတွက်လည်း နေးရှင်းလိဂ်ဖလားရရှိအောင် အဓိကနေရာက စွမ်းဆောင်ပေးခဲ့လို့ ဒီဆုကို ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။  Golden Boy ဆုကိုတော့  ဗန်ဒါဘတ်၊ ရူနီ၊ ပေါ့ဘာ၊ စတာလင်၊ ဖာဘရီဂတ်စ်၊ မက်ဆီ၊ အန်ဘာပေးနဲ့ ဒီလစ်ဂျ်တို့ ရရှိခဲ့ဖူးပါတယ်။
2 years Ago

November 20, 2019

နော်ဝေ လူငယ်ကြယ်ပွင့် ဟာလန်း မန်ယူကို ပြောင်းရွှေ့မည်ဟု သတင်းထွက်ပေါ်

နော်ဝေ လူငယ်ကြယ်ပွင့် အာလင်းဘရွတ်ဟာလန်းရဲ့ ဖခင်ဖြစ်သူဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ရောက်ရှိနေတယ်လို့ အက်သလက်တစ် သတင်းစာကနေ ဖော်ပြပါတယ်။  အသက် ၁၉ နှစ်အရွယ် ဆဲလ်ဘတ်တိုက်စစ်မှူးရဲ့ ဖခင်ဖြစ်သူ  အက်လ်ဖ် အင့်ဂ်ဟာလန်းကို ယူနိုက်တက်တို့ရဲ့ ကယ်ရင်တန်လေ့ကျင့်‌ရေးကွင်းမှာ မြင်တွေ့ခဲ့ရကြောင်း အခိုင်အမာ ပြောဆိုလာသူ ရှိတာကြောင့် အပြောင်းအရွှေ့ ကောလာဟလတွေဟာ မကြာခင်မှာ အ‌ဖြေထွက်လာဖို့ ရှိနေပါတယ်။  ထိပ်သီးအသင်းကြီး တော်တော်များများရဲ့ ပစ်မှတ်ကစားသမား ဟာလန်းကလည်း အင်္ဂလန် ဘောလုံးအသိုင်းအဝိုင်းကို သဘောကျကြောင်း ထုတ်ဖော်ပြောကြားထားတာတွေလည်း ရှိနေပါတယ်။  ဟာလန်းဟာ အခုရာသီမှာ ဆဲလ်ဘတ်အသင်းအတွက် ၁၈ ပွဲ ကစားပြီးချိန်မှာ ၂၆ ဂိုးထိ သွင်းယူပေးထားတဲ့အပြင် အရပ်အမောင်း ၆ ပေ ၄ လက်မရှိပြီး တောင့်တင်းတဲ့ တိုက်စစ်မှူးဖြစ်လို့ ရီးရဲလ်၊ ဘာကာ၊ ဂျူဗင်တပ်၊ ဘိုင်ယန်မြူးနစ်တို့လို အသင်းတွေက ခေါ်ယူဖို့ ချိတ်ဆက်ထားတယ်လို့ သိရပါတယ်။  ဟာလန်းဟာ မိုလ်ဒီအသင်းကို ယူနိုက်တက်နည်းပြ ဆိုးလ်ရှား ကိုင်တွယ်စဉ်မှာကတည်းက လက်တွဲခဲ့ဖူးပါတယ်။ 
2 years Ago
Up