လူငယ် ၈ ဦးကို ဖမ်းဆီး

March 26, 2017

ကျောက်မဲတွင် နေအိမ်နှင့်ကားများအား ကျောက်ခဲဖြင့် ပစ်ပေါက်ဖျက်ဆီးသည့် လူငယ် ၈ ဦးကို ဖမ်းဆီး

ရှမ်းပြည်မြောက်ပိုင်း  ကျောက်မဲခရိုင် ကျောက်မဲမြို့ပေါ်မှာ နေအိမ်နဲ့ ကားမှန်တွေကို အကြောင်းမဲ့ လိုက်လံပစ်ပေါက်ဖျက်ဆီးနေတဲ့ လူငယ် ၈ ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့  ကျောက်မဲမြို့မ ရဲစခန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက် မနက် ၂ နာရီကျော်က ကျောက်မဲမြို့ ရပ်ကွက် ၂ နဲ့ ရပ်ကွက် ၃ ရှိ  နေအိမ်တချို့ ကျောက်ခဲနဲ့ ပစ်ပေါက်ခံရပြီး အိမ်တံခါးမှန် နဲ့ အလှဆင်မီးတွေ ပျက်စီးကြောင်း၊ ပြည်သူတွေက တိုင်ကြားလာတဲ့အတွက် နယ်ထိန်းရဲတပ်ဖွဲ့ဝင်တွေက လှည့်လည်စစ်ဆေးစဉ် မနက် ၃ နာရီလောက်မှာ လူငယ် ၃ ဦးကို အရင်ဆုံး ဖမ်းမိခဲ့တာလို့  ကျောက်မဲမြို့မရဲစခန်း တာဝန်ကျ ဒုရဲအုပ် ဇင်မင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။ “မနက် ၃ နာရီလောက်မှာ လှည့်ကင်းအဖွဲ့က လက်ထဲမှာ ကျောက်ခဲတွေကိုင်ထားတဲ့ မသင်္ကာ ဘွယ်လူငယ် ၃ ယောက်ကို အရင်ဖမ်းမိတယ်၊ အဲဒါစစ်မေးတော့ နေအိမ်တွေ ကားတွေကို လိုက်ပြီး ကျောက်ခဲတွေနဲ့ လိုက်ပေါက်နေတဲ့အဖွဲ့ကဖြစ်နေတာ။ ဆက်ပြီးစစ်ဆေးတော့ သူတို့အဖွဲ့က ၈ ယောက်ရှိတယ်ပြောလို့ ကျန်တဲ့လူတွေပါ လိုက်ဖမ်းတယ်။ နောက် မနက် ၆ နာရီ ၇ နာရီလောက်ကျတော့ နောက်ထပ် ၅ ယောက်ဖမ်းမိတယ်။ ကျေက်မဲ နဲ့ နောင်ချိုကြား ဂုတ်ထိပ်အ ဆင်းမှာ ဆိုင်ကယ်နဲ့ ထွက်ပြေးနေတာ၊ ဘာဖြစ်လို့ အဲလို လုပ်ရတာလဲမေးတော့ သူတို့လဲ ဘာလုပ်မိ မှန်းမသိဘူးတဲ့၊ ရှင်လောင်းပွဲက ပြန်လာတော့ ပွဲထဲမှာ သောက်စားထားတာလဲရှိတော့ အပျော်လွန်တဲ့ သဘောပေါ့။” အဖမ်းခံရတဲ့ လူငယ်တွေမှာ အသက် ၁၆ နှစ် နဲ့ ၁၈ နှစ်ကြားရှိပြီး ၉ တန်း၊ ၁၀ တန်းကျောင်းသား၊ ပထမနှစ်ကျောင်းသားနဲ့  ကျေင်းထွက်ထားတဲ့ လူငယ်က ၂ ဦးပါရှိကြောင်း၊  သူတို့ကို ကျောက်မဲရဲစခန်းက ပ - ၃၆ /၃၇ ခဲပေါက်မှု ၊ ပုဒ်မ ၄၁၇ ၊ ၁၁၄ ပူးပေါင်းကြံစည်ဖျက်ဆီးမှုတွေနဲ့ အမှုဖွင့် အရေးယူထားကာ လူငယ်တွေဖြစ်တာကြောင့် မိဘအုပ်ထိန်းသူ၊ ရပ်မိရပ်ဖများရဲ့ အာမခံချက်နဲ့  မနေ့ ညနေကဘဲ ပြန်လွှတ်ပေးထားတယ်လို့ ဆိုပါတယ်။ လူငယ်တွေက ခဲနဲ့ပစ်ပေါက်ခံရတဲ့အထဲမှာ အခြားနေအိမ်  ၄- ၅ လုံး၊ အောင် ကိုယ်ပိုင်အ ထက်တန်းကျောင်းမှ ဆရာဆရာမများအဆောင်၊  ခရီးသည်တင်အဝေးပြေးကားတွေပါ ပါဝင်ကြောင်း၊ လာရောက်အမှုဖွင့်သူကတော့ ၂ ဦးပဲ ရှိသေးတယ်လို့ ဆိုပါတယ်။ ကျောက်မဲ ရပ်မိရပ်ဖလည်းဖြစ်၊ စည်ပင်သာယာရေးကော်မတီဝင်တဦးလည်းဖြစ်တဲ့ ဦးစိုင်းကျော်လင်းကတော့ ကျောက်ခဲနဲ့ပစ်ပေါက်ခံရတဲ့အထဲမှာ မြောက်ကုန်းရပ်၊ ရပ်ကွက် ၁၊ ရပ်ကွက် ၂ ထဲက နေအိမ် ၈ လုံး၊ လမ်းဘေးမှာ ရပ်ထားတဲ့ ကားရော၊ သွားနေတဲ့ကားပါ စုစုပေါင်း ကားငယ် ၄ စီး ကားကြီး ၂ စီးပါဝင်ကြောင်း၊ လူငယ်တွေက ဆိုင်ကယ်စီးရင်း ပြစ်ပေါက်သွားတာဖြစ်ကြောင်း၊  ကျောက်မဲမှာ အခုလိုဖြစ်ရပ်မျိုး ယခင်က တခါမှမဖြစ်ဖူးဘဲ အခုမှဖြ စ်တာဟာ ဒေသတွင်း မူးယစ်ဆေးဝါးတွေ ပေါများလာခြင်းရဲ့ အကျိုးဆက်တွေဖြစ်တယ်လို့  ဒီဗွီဘီကို ပြောပါတယ်။ ကျောက်မဲရဲစခန်းက အာမခံနဲ့ လွှတ်လိုက်တဲ့လူငယ်တွေကို  လာမယ့် ၂ ပတ်အတွင်း အမှုစစ်ဆေးပြီး ပြစ်ဒဏ်တွေ ချမှတ်သွားမယ်လို့ ဒုရဲ အုပ်က ပြောသွားပါတယ်။
5 years Ago
Up