လူငယ်​​များကြား

August 25, 2018

လူငယ်​​များကြား ​မူးယစ်​​ဆေးဝါး​လျော့ချရေး ဆီဆိုင်​မြို့နယ်တွင် မီနီမာရသွန်​ပွဲပြုလုပ်

လူငယ်​​တွေအကြား စိမ့်ဝင်ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါး လျှော့ချနိုင်ဖို့အတွက် ရည်ရွယ်ပြီး ဆီဆိုင်မြို့နယ်မှာ ကျောင်းအခြေပြု ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တခွင် မီနီမာရသွန်အပြေးပြိုင်ပွဲကို သြဂုတ်​ ၂၅ ရက်​​နေ့က ပြုလုပ်​ခဲ့ပါတယ်​။ ဆီဆိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု​တွေ အဆမတန်များပြားနေပြီး ကျောင်းသားလူငယ်များကြား ပျံ့နှံ့လာနေတာကြောင့် လျှော့ချနိုင်ရေးအတွက် အခုလို လုပ်ဆောင်တာလို့ ဆီဆိုင်မြို့နယ် အောင်ချမ်း သာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင်က ပြောပါတယ်။ “ကျောင်းတွေမှာ ဆေးလိပ်ငွေ့ကင်းစင်အောင်၊ လူငယ်ကြားရောက်ရှိ နေတဲ့ မူးယစ်ဆေးဝါးတွေလျှော့ချနိုင်အောင်လို့ လူငယ်အတွက် အားကစား​​လုပ်ဆောင်တာ ဖြစ်ပါတယ်၊ လူငယ်တွေရဲ့ဝါသနာတွေ စိတ်ဝင်စားမှုတွေကို ပံ့ပိုးပေးနိုင်မယ်ဆိုရင် အတိုင်းအတာတခုထိ ​​လျော့ချမှုလုပ်ဆောင်နိုင်ပါလိမ့်မယ်။” မီနီမာရသွန်အပြေးပြိုင်ပွဲမှာ အထက်တန်းနဲ့ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ​တွေ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဒေသခံပြည်သူ​​တွေလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရပါတယ်​။ ဆီဆိုင်​မြို့နယ်​ အုပ်​ချုပ်​​ရေးမှူး ဦး​အောင်​နိုင်​က “အခုဟာက လူငယ်​​တွေ အလွယ်​လိုက်​တာ​ပေါ့​နော်။ ဘယ်​​လောက်​ပဲ ထိန်းသိမ်းကွပ်​ကဲမှု​ကောင်း​ကောင်း ယိုပေါက်​​တွေ၊ ထွက်​​ပေါက်​​တွေက ရှိ​နေပါတယ်​။ ဖမ်းတဲ့သူလည်းဖမ်း ပညာ​ပေးတာလည်း​ပေး၊ သို့​သော် ​အရပ်​ထဲလူငယ်​​တွေကြား ပျံ့နေတာပဲ။ စာသင်​​ကျောင်း​တွေမှာ​တွေ မပြန့်​​သေးဘူး” လို့​ပြောပါတယ်​။ ဆီဆိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးအရေးယူမှုမှာ တနှစ်ထက်တနှစ် ပိုမိုများပြားလာခဲ့ကာ အောင်ချမ်းသာရပ်ကွက်အတွင်းမှာ ပြီးခဲ့တဲ့ခြောက်လပတ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးအရေးယူမှု ငါးကြိမ်အထိ ရှိခဲ့ပါတယ်​။ ကျောင်းအခြေပြု မီနီမာရသွန်အပြေးပြိုင်ပွဲကို ကျောင်းသားကျောင်းသူ ​​တွေယှဉ်ပြိုင်ဖို့အတွက် ၂ မိုင်မှ သုံးမိုင် အကွာအဝေးအတွင်း ကျင်းပခဲ့ပါတယ်​။ မူးယစ်ဆေးဝါးသုံးစွဲမှု၊ စိုက်ပျိုးမှု၊ ရောင်းဝယ်ဖောက်ကားမှုတွေ လျှော့ချနိုင်ဖို့အတွက် စာသင်ကျောင်းများတွင် အသိပညာ ဟောပြောပွဲ​​တွေလည်း ကျယ်ပျံ့စွာ လုပ်ဆောင်နေတယ်လို့ သိရပါတယ်​။ ခွန်​ရာဇာ
3 years Ago
Up