လူငယ်ဘောလုံးသမားများ

June 28, 2018

လိုဏ်ဂူထဲ ပျောက်ဆုံးနေသူများ၏ ဦးထုပ်တွေ့ရှိမှု အကူညီတောင်းခြင်းဖြစ်နိုင်

ထိုင်းနိုင်ငံမှာ လိုဏ်ဂူထဲဝင်ရောက်ပြီး ပျောက်ဆုံးနေတဲ့ လူငယ်ဘောလုံးသမား အဖွဲ့ကို ဆက်လက်ရှာဖွေနေရာ ဒီကနေ့မနက် ၁၁ နာရီလောက်မှာတော့ ဂူကြီးရဲ့မြောက်ဘက် ဒွိုင်ဖာမီတောင်ကြောတလျှောက် ရောက်ရှိနေတဲ့ ကယ်ဆယ်ရေးအဖွဲ့တဖွဲ့ဟာ ရေတံခွန်ထဲ ပါလာတဲ့ အနီရောင် ဦးထုပ်တလုံးကို တွေ့ရှိခဲ့ပါတယ်။ အဲဒီ ရေတံခွန်စီးဆင်းလာရာ အထက်ဘက်ကို တက်ကြည့်ရာမှာတော့ ကလိုင်ပေါက် ၂ ပေါက်ရှိပြီး ပျောက်ဆုံးနေတဲ့ ကျောင်းသားတွေဟာ ဂူနံရံတွေပေါ်တက်ရင်း ပြင်ပကို ထိုးဖောက်နိုင်တဲ့ အပေါက်ကနေ အကူအညီ လှမ်းတောင်းတဲ့သဘောနဲ့ ဦးထုပ်ကို တမင်ရည်ရွယ် ပစ်ချခဲ့ဟန်ရှိတယ်လို့ အဖွဲ့ခေါင်းဆောင်က သည်နေးရှင်းသတင်းထောက်ကို ပြောပါတယ်။ ဦးထုပ်ပိုင်ရှင်ကို စုံစမ်းရာမှာ ပျောက်ဆုံးနေသူ ၁၃ ဦးထဲက အသက်အငယ်ဆုံး တိုက်တယ်လ် ခေါ် ချနင်း ဝိဘွန်းရုန်ရုန်း (အသက် ၁၁ နှစ်) ရဲ့ ဦးထုပ်ဖြစ်ကြောင်း မူပါအကယ်ဒမီဘောလုံးအသင်းက အတည်ပြုပါတယ်။ ဂူတွင်းရှိ ကယ်ဆယ်ရေးအဖွဲ့တွေကလည်း နဂိုက ဂူဝင်ပေါက်လမ်းရဲ့ ဘယ်ဘက် ပတ္တယား သဲနုကမ်းခြေဘက်ကို ဦးတည်ရှာဖွေနေရာက အခုခါမှာတော့ ဂူဝင်ပေါက်လမ်းရဲ့ ညာဘက်ရှိ ဝက်ဝံတော င်ကြော အောက်ဘက်ပိုင်းကို ဦးတည်လိုက်ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ထဲက လာအိုနိုင်ငံသားတဦးကလည်း သူဟာ အဲဒီညာဘက်က ဂူထဲကို လွန်ခဲ့တဲ့ ၂ နှစ်က ဝင်ရောက်ခဲ့ဖူးကြောင်း၊ အဲဒီဘက်မှာ ရေတံခွန်တွေရှိကြောင်း ပြောပါတယ်။ မနေ့က နိုင်ငံခြားက ရေငုပ်ကျွမ်းကျင်သူ ကယ်ဆယ်ရေးအဖွဲ့ဝင် ၃ ဦး ထပ်မံရောက်ရှိလာပြီး ရောက်ရောက်ချင်း ကယ်ဆယ်ရေးလုပ်ငန်း စတင်ပေမယ့် ညသန်းခေါင်လောက်မှာ ရေတွေထပ်ဝင်လာလို့ ရှေ့ဆက်မတိုးနိုင်ဘဲ ပြန်ထွက်လာခဲ့ရပါတယ်။ သူတို့ ကယ်ဆယ်ရေးလုပ်ငန်းရဲ့ အဓိက အဟန့်အတားကတော့ ၄ ရက်အတွင်း ပိုသည်းထန်လာတဲ့ မိုးကြောင့် ရေတွေ ထပ်ဝင်လာတာပဲ ဖြစ်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။ ဂူပြင်ပမှာတော့ ကျောင်းသားလေးတွေကို ပြန်တွေ့ရင် ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ပေးနိုင်ဖို့ လူနာတင်ယာဉ် ၁၃ စီး အရန်သင့် ပြင်ဆင်ထားပါတယ်။ လူနာတင်ယာဉ် တစီးစီမှာ ပျောက်ဆုံးသူရဲ့ အမည်အသီးသီး ကပ်ထားပြီး ထွက်လာတာနဲ့ သက်ဆိုင်ရာ မိဘဆွေမျိုးတွေပါ တပါတည်းလိုက်နိုင်အောင် ပြင်ဆင်ထားပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ ခွန်နမ့်နန်းနွန်း ဂူကြီးထဲမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက် ညနေက မြို့နယ်လက်ရွေးစင် လူငယ်ဘောလုံးသမား ၁၂ ဦးနဲ့ နည်းပြဆရာ ၁ ဦးတို့ ဝင်ရောက် ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။ ထိုင်းတော်ဝင်လေတပ်၊ အထူးတိုက်ခိုက်ရေးစစ်တပ်၊ ခရိုင်နဲ့ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေအပြင် တခြားခရိုင်က ကယ်ဆယ်ရေးအဖွဲ့တွေရော၊ နိုင်ငံတကာ ရေကူးကျွမ်းကျင်သူတွေပါ စုစုပေါင်း လူအင်အား တထောင်ကျော်နဲ့ ဂူထဲမှာရော ဂူရဲ့ပြင်ပ တောင်ကြောတလျှောက်မှာပါ ပိုက်စိပ်တိုက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။
3 years Ago
Up