လူငယ်တွေအကြား အိတ်ခ်ျအိုင်ဗွီကူးစက်မှု အခြေအနေ - ဒေါက်တာထွန်းညွန့်ဦးနှင့် မေးမြန်းချက်

November 9, 2016

လူငယ်တွေအကြား အိတ်ခ်ျအိုင်ဗွီကူးစက်မှု အခြေအနေ - ဒေါက်တာထွန်းညွန့်ဦးနှင့် မေးမြန်းချက်

၁၈ နှစ်အောက် အိတ်ခ်ျအိုင်ဗွီရောဂါကူးစက်သူ လူငယ်တွေ မနှစ်ကထက် ပိုမိုများပြားလာတယ်လို့ ပိုးရှိသူတွေကို ကူညီထောက်ပံ့ပေးနေတဲ့ မန္တလေးအခြေစိုက် နေဝန်းသစ် ကိုယ့်အားကိုယ်ကိုးအဖွဲ့က ပြောကြားခဲ့ပါတယ်။ ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန လက်အောက်ခံ ပြည်သူ့ကျန်းမာရေးဌာန ခုခံအင်အား ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက် မန်နေဂျာ ဒေါက်တာထွန်းညွန့်ဦးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး - ၁၈ နှစ်အောက် လူငယ်တွေအကြား အိတ်ခ်ျအိုင်ဗွီရောဂါ ကူးစက်မှုနှုန်းက မနှစ်ကထက်စာရင် ဒီနှစ်က ပိုများတယ်လို့ အဖွဲ့တခုက ပြောပါတယ်။ ဆိုတော့ ဒေါက်တာတို့ဌာနအနေနဲ့ ဘယ်လို စစ်ဆေးတွေ့ရှိရတာမျိုးရှိလဲ။ များလာသလား၊ နည်းသွားသလား၊ ဘယ်လောက်ထိ အတိုင်းအတာရှိလဲ။ သိချင်လို့ပါ။ ဖြေ - ကျနော်တို့အနေနဲ့ ပြောရရင် အိတ်ခ်ျအိုင်ဗွီပိုး အသစ်ကူးစက်မှု (Incidence) နဲ့ ရောဂါဖြစ်ပွားမှုနှုန်း (HIV Prevalence) ဆိုပြီးရှိတယ်။ HIV Prevalence ကို ၂ နှစ်တကြိမ် ထုတ်ပြန်တယ်။ အဲဒီထုတ်ပြန်ချက်အရ အသက် ၁၅ နှစ်အထက် Adult General Population ကို ကျနော်တို့ ထုတ်ပြန်တာရှိတယ်။ Adult General Population မှာ ဖြစ်ပွားမှုနှုန်း နောက်ဆုံး ၂၀၁၅ ဆိုရင် ၀ ဒသမ ၆ ရာခိုင်နှုန်းပေါ့။ ဒါပေမယ့် ကျနော်တို့မှာ Age Specific နဲ့လုပ်ထားတဲ့ ဆာဗေး (Survey) မရှိဘူး။ အခုနလို Key Population အနေနဲ့  ၂၀၁၄-၂၀၁၅  မှာ Integrated Bio Behavioral Surveillance (IBBS) လုပ်ထားတာရှိတယ်။ မူးယစ်ဆေးဝါး အကြောဆေးထိုးသွင်းသူ (PWID) ကြားမှာ IBBS လုပ်ထားတာရှိတယ်။ ပြီးတော့ အမျိုးသားချင်း လိင်တူဆက်ဆံသူတွေ (MSM) နဲ့ အမျိုးသမီးလိင်လုပ်သား (Sex Worker) တွေကြားမှာလုပ်တဲ့ IBBS data တွေရှိတယ်။ Age Specific Prevalence ဆိုတာ အရင်က လုပ်ထားတာမရှိဘူး။ ဒါကြောင့် အသက် ၁၈ နှစ်အောက် ဖြစ်ပွားမှုနှုန်း ဆိုတာလေ။ အရင်ကမှ ဆာဗေး မလုပ်ထားခဲ့တဲ့ ကိစ္စကို အသစ်ကူးစက်မှုနှုန်းနဲ့ ရောဂါဖြစ်ပွားမှုနှုန်း နည်းတယ်၊ များတယ် ဆိုတာကလေ မှန်းဆချက်နဲ့ပြောတာဖြစ်ပြီး ကျနော်တို့အနေနဲ့ တိတိကျကျလုပ်ထားတာမရှိဘူး။ အဲဒီတော့ များလာတာ၊ နည်းတာ ပြောဖို့က အရင်တုန်းက ဆာဗေးတခုအပေါ်မှာ အခြေခံပြောမှပဲ မှန်မယ်ထင်တယ်။ အဖွဲ့အစည်းအနေနဲ့ တရားဝင်ထုတ်ပြန်တာက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကပဲ ထုတ်ပြန်တယ်လေ။ အဲဒီမှာလည်း အရင်က Published လုပ်ထားတဲ့ Global AIDS Report တွေ၊ National AIDS Program Progress Report တွေ၊ UNAIDS Regional Report စတာတွေပေါ့။ ကျနော်တို့ထုတ်ပြန်ပေမယ့် ဒီဘက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန တခုတည်းက လုပ်တာမဟုတ်ဘူးပေါ့နော်။ ကျနော်တို့ ဝန်ကြီးဌာနနဲ့အတူတူ UNAIDS၊ WHO စတဲ့အဖွဲ့တွေရယ် ပေါင်းပြီးတော့ Estimation Workshop ၂ နှစ်တကြိမ်လုပ်တယ်။ ဒီလို တရားဝင်ထုတ်ပြန်တဲ့ Report တွေမှာ မပါတဲ့အတွက် ဒါသည် ကျနော်တို့ Count လုပ်လို့မရဘူးလို့ပဲ ကျနော့်အနေနဲ့ ဖြေလို့ရမယ်။ ဘာလို့လဲဆိုရင် အပေါ်မှာ ပြောခဲ့သလိုပဲ အရင်က ဆာဗေး (Age Specific Survey) လုပ်ထားတာမရှိဘူး။ Globally တချို့နိုင်ငံတွေမှာတော့ လုပ်ထားတဲ့ Survey data ရှိနိုင်တယ်ပေါ့။ ဒါပေမယ့် ကျနော်တို့နိုင်ငံမှာ အဲလိုလုပ်ထားတာ မရှိဘူး။ ၁၈ နှစ်အောက်ဆိုပြီး သတ်သတ်မှတ်မှတ် ဆာဗေးလုပ်ထားတာမရှိဘူး။ ကျနော်ဆိုလိုတာက "National Prevalence Survey Under 18" လုပ်ထားတာမရှိဘူး။ ၁၈ နှစ်အောက်ဆိုတာလည်း လောလောဆယ် ဥပဒေအရလည်း မိမိသဘောအလျောက် အိတ်ခ်ျအိုင်ဗွီ ရှိ မရှိ သွေးစစ်ဆေးခွင့်ပြုထားတာ မရှိဘူး။ ဆိုတော့ ဒါတွေက ဥပဒေအရ ၁၈ နှစ်အောက်ကို မိဘအုပ်ထိန်းသူရဲ့ သဘောထားမပါဘဲ သွေးစစ်လို့ မရဘူးလေ။ ၁၈ နှစ်ပြည့်ပြီးသူကတော့ မိမိရဲ့ သဘောဆန္ဒနဲ့ သွေးစစ်လို့ရပေမယ့် ယခုလက်ရှိအခြေအနေအထိကတော့ မိဘ သို့မဟုတ် အုပ်ထိန်းသူ တယောက်ယောက် ခွင့်ပြုမိန့်နဲ့သာ ကျနော်တို့ သွေးစစ်ပေးလို့ရတာပေါ့။ အဲလိုအခြေအနေ ရှိတယ်။ ဒါပေမယ့် အိတ်ခ်ျအိုင်ဗွီရောဂါပိုး စစ်ဆေးတွေ့ရှိသူ အားလုံးကိုတော့ ပြုစုကုသမှု ပေးနေတယ်လေ။ Prevalence (ဖြစ်ပွားမှုနှုန်း) ဆိုတာကတော့ Incidence (ရောဂါအသစ်ကူးစက်မှုနှုန်း) နဲ့မတူဘူး။ Prevalence ဆိုတာ အသစ်အဟောင်းပေါင်း Data ပါ။ ကလေးကတည်းက မွေးရာပါ ဖြစ်ထားရင်လည်း ဖြစ်မှာပေါ့။ မိခင်ကနေ Vertical Transmission နဲ့ ကူးလာတာလည်း ဖြစ်ရင်ဖြစ်မယ်။ တနိုင်ငံလုံးမှာ တရားဝင်ကုသမှုပေးနေတဲ့ ဆေးရုံ ဆေးခန်းတွေ၊ ခုခံအားရောဂါ တိုက်ဖျက်ရေးအဖွဲ့တွေက ၁ လတကြိမ်၊ ၃ လတကြိမ် ပို့ထားတဲ့ အချက်အလက် (Reported Data) တွေလည်း ကျနော့်ဆီမှာရှိတယ်။ နောက် အန်ဂျီအိုအဖွဲ့အစည်း၊ ကျနော်တို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ တရားဝင် အမ်အိုယူ ရေးထိုးပြီး ဆောင်ရွက်နေတဲ့အဖွဲ့တွေပေါ့နော်။  ဒါပေမယ့် ဒီဒေတာတွေ အားလုံးမှာလည်း ၁၈ နှစ်အောက် ဖြစ်ပွားမှုနှုန်း များတာရယ်လို့ မတွေ့ရှိဘူး။ အဲဒီတော့ တဦးတယောက်ရဲ့ မှန်းဆချက်လို့ပဲ ကျနော်တို့က မြင်တယ်။ ဘာလို့လဲဆိုတော့ များတယ်၊ နည်းတယ် ဖြစ်ဖို့က အရင်တုန်းက Baseline Data ရှိမှ ပြောလို့ရပါတယ်။ ဥပမာ အရင် ၂၀၁၄-၁၅ မှာ ဘယ်လောက် Prevalence ရှိခဲ့လဲ။ ၂၀၁၅-၁၆ မှာ ဘယ်လောက် Prevalence တက်လာတယ်။ အဲဒါဆိုရင်တော့ များတယ်၊ နည်းတယ်လို့ ပြောလို့ရပေမယ့် Baseline Data က ကျနော်တို့မှာ မရှိပါဘူး။ မေး - ဟုတ်ကဲ့။ ဆိုတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူတွေက ၂၀၁၅-၁၆ ခုနှစ်မှာ ဘယ်လောက်ရှိလဲ။ တိုးလာလား။ လျော့သွားလား။ ဖြေ - ကျနော်တို့က ၂၀၀၅ ခုကစပြီး ၂ နှစ်တကြိမ် AEM - AIDS Epidemic Model ဆိုတဲ့ အမေရိကန်နိုင်ငံ ဟာဝိုင်ယီက East-west University Center က Expert တွေကို ဖိတ်ခေါ်ပြီးတော့ Estimation Workshop လုပ်တယ်။ လုပ်ပြီးတော့ ၂ နှစ်တကြိမ် တွက်ချက်တယ်ပေါ့။ အဲလို ၂၀၀၅ ကတည်းက စလုပ်ခဲ့တယ်။ ၂၀၁၅ ခုမှာ လုပ်ခဲ့တဲ့ လုပ်ငန်းကတော့ ကျနော်တို့ဆီမှာ ဖြစ်နေတဲ့ ရောဂါဖြစ်ပွားမှု HIV Prevalence သည် ၀ ဒသမ ၆ ရာခိုင်နှုန်းပေါ့။ People living with HIV (PLHIV) လူဦးရေအားဖြင့်တော့ ၂ သိန်း ၂ သောင်းကျော်လောက် ရှိတယ်လို့ ကျနော်တို့က ခန့်မှန်းထားတယ်။ ၂ သိန်း ၂ သောင်းကျော်က တနိုင်ငံလုံးမှာရှိတဲ့ အိတ်ခ်ျအိုင်ဗွီ ဖြစ်ပွားနှုန်း ခန့်မှန်းထားပြီးတော့ အဲဒီမှာမှ လက်ရှိ ၂၀၁၆ ခု ဇွန်လကုန်အထိကတော့ ၁ သိန်းနဲ့ ၂ သောင်းကျော်ကို ကျနော်တို့က အေအာတီဆေး ပေးထားပြီးပြီ။ သွေးစစ်ဆေးပေးနိုင်မှုကတော့ ၁ သိန်း ၃ သောင်းကျော်ပေါ့နော်။ ဆိုတော့ ၂ သိန်း ၂ သောင်းသည် ခန့်မှန်းတွက်ချက်မှု ဖြစ်ပြီးတော့ တကယ့်တကယ် အိတ်ခ်ျအိုင်ဗွီပိုး စစ်ဆေးပြီးတော့ Enroll လုပ်ထားတဲ့ အရေအတွက်ကတော့ ၁၃၀၀၀၀ ကျော်လောက်ပဲ ရှိတယ်။ ဆိုတော့ တချို့မီဒီယာတွေရေးတာက လူ ၁ သိန်းလောက်က ဆေးမရဘဲ စောင့်နေရတာလား ဆိုတာလည်း ပြောတယ်။ အဲဒီလို မဟုတ်ပါဘူးလို့။ ဘာလို့လဲဆိုတော့ ဒီလူတွေထဲက ကျတဲ့လူတွေသည် ကွန်မြူနတီထဲမှာတော့ ရှိနိုင်တယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ အေအာတီ ဆေးရုံ ဆေးခန်း သွေးစစ်ဆေးမှုအဖြေရပြီးတော့ လနဲ့ချီပြီး စောင့်နေရတဲ့သူက မရှိသလောက် နည်းသွားပါပြီ။ လွန်ခဲ့တဲ့ ၂၀၁၁-၂၀၁၂ အထိကတော့ အေအာတီဆေး အလုံအလောက်မရလို့ ဆေးရုံဆေးခန်းတွေမှာ Enrollment လုပ်ပြီးသွားရင် စောင့်နေရတဲ့သူတွေ ရှိခဲ့ပေမယ့် အခု ပြီးခဲ့တဲ့ ၂၀၁၅ လောက်ကစပြီးတော့ အန်ဂျီအိုဆေးခန်းတွေမှာရော၊ အစိုးရ ဆေးရုံဆေးခန်းတွေမှာရော စောင့်နေရတဲ့သူက မရှိသလောက် နည်းသွားပြီဗျာ။ မေး - ဆိုတော့ ဒေါက်တာ အခုနကပြောသလို ၂၀၁၅ ခု တနိုင်ငံလုံးမှာ ရောဂါကူးစက်ခံရသူ ၀ ဒသမ ၆ ရှိတယ်လို့ ခန့်မှန်းထားတယ်ဆိုတော့ အရင်နှစ်တွေထက်စာရင် တိုးလာသလား၊ လျော့သွားသလား။ ဖြေ - ခန့်မှန်းချက်အရတော့ ဖြစ်ပွားမှုနှုန်းက တဖြည်းဖြည်းနဲ့ ကျလာတယ်။ ၂၀၀၉ ခုနှစ်မှာ ၀ ဒသမ ၉၄ ကနေ ၂၀၁၅ မှာ ၀ ဒသမ ၆၀ အထိ ကျလာတယ်။ ဒါပေမယ့် အရင်နှစ်က ဂဏန်းကို ကြည့်လိုက်မယ်ဆိုရင် အရင်နှစ် ၂၀၁၄ မှာ ၀ ဒသမ ၅၄ လို့ တွေ့ရတယ်။  ဘာဖြစ်လို့ ဒီလိုတွေ့တာလဲဆိုတော့ အဲဒီတုန်းက မြန်မာပြည်ရဲ့ လူဦးရေသည် ၅၄ သန်းဆိုတဲ့ ယူအန်ရဲ့ လူဦးရေစာရင်းကို အခြေခံထားတယ်။ အဲဒီလိုတွက်တဲ့အတွက် ၀ ဒသမ ၅၃ ဖြစ်ခဲ့တယ်။ ၂၀၁၅ မှာ ပြန်တွက်တော့ အစိုးရက တရားဝင်ထုတ်ပြန်တဲ့ လူဦးရေစာရင်း ၅၁ ဒသမ ၂ သန်း အဲဒီပေါ်မှာ အခြေခံလိုက်တယ်။ ဒီလို Census Population Baseline အသစ်အပေါ် အခြေခံလိုက်တော့ Prevalence တက်သွားသလို ဖြစ်သွားတယ်။ တကယ်တမ်း တက်တာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရဲ့လူဦးရေ Baseline Data က လျော့သွားတယ်။ ၂ သန်းခွဲလောက် လျော့သွားတယ်။ အဲဒါတခုရှိမယ်။ နောက်တခု အရင်နဲ့မတူတာက ဆေးကို Lifelong ပေးတယ်။အရင်ကထက် ပိုပေးနိုင်တယ်။ နောက် လူတွေ သေဆုံးမှုနှုန်း (AIDS Related Death) က တော်တော်ကျသွားပြီ။ ပြောရရင် ဆေးမှန်မှန်သောက်ရင် သက်တမ်းစေ့တောင်နေနိုင်ပြီ။ ဒါကြောင့်မို့ PLHIV တွေ သက်တမ်းတွေလည်း ပိုရှည်လာတယ်။ အသက်ပိုရှည်လာတော့ အသစ်ကူးစက်မှုနှုန်း Incidence ကျလာပေမယ့် Prevalence သိပ်မကျဘူး။ မေး - ၁၈ နှစ်အောက် ရောဂါကူးစက်ခံရမှုနဲ့ပတ်သက်လို့ ဆာဗေးလုပ်ဖို့ရှိလား။ ဖြေ - လုပ်ဖို့ရှိလားဆိုတော့ ကျနော့်ကိုယ်ပိုင်အချိန်အရတော့ ကျနော့်မှာလုပ်ဖို့အချိန်က မရှိသေးဘူးပေါ့နော်။ ဒါပေမယ့် မိတ်ဘက်အဖွဲ့အစည်း ယူအန်၊ အန်ဂျီအိုတွေနဲ့ ပေါင်းလုပ်ရင်တော့ ဖြစ်ရင်ဖြစ်မှာပေါ့။ ဘာကြောင့်လဲဆိုတော့ ခု ဖုန်းပြောတာတောင် ကျနော့်မှာ နိုင်ငံခြားသား ဧည့်သည်နှစ်ယောက်ကို ထိုင်စောင့်ခိုင်းထားရတယ်။ Oversea Call မို့ သူတို့ကို Request လုပ်ပြီးဖြေနေတာပါ။ ကျနော်တို့ ၅ နှစ်တာ ခုခံကျ ကာလာသားရောဂါတိုက်ဖျက်ရေး မဟာဗျူဟာစီမံကိန်း National Strategic Plan (၂၀၁၆-၂၀၂၀) လည်း ရေးဆွဲနေတယ်။ Global Fund ရဲ့ နောက်ထပ် ၄ နှစ် Grant ဆက်ရဖို့ Concept Note ရေးဆွဲနေတယ်ဆိုတော့ ကျနော်တို့မှာ စနေရော၊ တနင်္ဂနွေနေ့ရောပါ အလုပ်လုပ်နေတယ်။ ဒီဆာဗေးကို သီးသန့်ပေါ့နော် ဘယ်တော့လုပ်မယ်ဆိုတာတော့ လောလာဆယ် ပြောနိုင်တဲ့အနေအထား မရှိသေးဘူးပေါ့နော်။ မေး - ဒီလူငယ်တွေကြားမှာ တကယ်လို့ ရောဂါကူးစက်မှုတွေ ရှိလာရင်တော့ ဆရာတို့ ကြိုတင်ကာကွယ်မှုတွေ ဘယ်လိုလုပ်ထားလဲ။ ဖြေ - ကျနော်တို့ကတော့ Prevention နဲ့ Treatment တွဲပြီးတော့ လုပ်နေပါတယ်။ တနိုင်ငံလုံးအနေနဲ့ HIV Program အတွက်ဆိုရင် ကျနော်တို့ Invest လုပ်တာ တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၉၀ နဲ့ ၉၅ သန်းလောက် လုပ်နေတယ်ပေါ့။ အဲဒီ Investment သန်း ၉၀ ထဲမှာ အစိုးရရဲ့ ထည့်ဝင်မှုကလည်း ၂၀၁၅-၁၆ မှာ ၁၅ ရာခိုင်နှုန်းလောက်ရှိတယ်။ ဒီ Investment လုပ်တဲ့အနေချိန် Prevention ဘက်ကို ၂၃ ရာခိုင်နှုန်းလောက် ထည့်ထားတယ်။ Treatment ကတော့ ပိုများတယ်။ ကျန်တာကတော့ Programmatic Cost တွေ ရှိတာပေါ့နော်။ ကျနော်ပြောချင်တာကတော့ Prevention Portion ဟာ Treatment နဲ့ ယှဉ်လိုက်ရင် အချိုးနဲ့ကြည့်ရင် နည်းတယ်လို့ ထင်ရပေမယ့် တကယ့်တကယ်ကျတော့ မနည်းဘူး။ ကျနော်တို့မှာ Prevention ဖြစ်စေ Treatment ဖြစ်စေ လုပ်မယ်ဆိုရင် Unit Cost ဆိုတာ ရှိတယ်။ ဥပမာ လူတယောက်ကို အေအာတီဆေး ပေးမယ်ဆိုရင် တနှစ်စာအတွက် အမေရိကန်ဒေါ်လာ ၃၆၀ ကျတယ်။ ဒါက သူ့ရဲ့ Unit Cost။ ဆိုတော့ လူ ၁ သိန်း ၂ သောင်းနဲ့ ပေးရတယ်ဆိုတော့ အများကြီး Invest လုပ်ရတယ်။ ဆိုတော့ သူက Budget ရဲ့ ၄၀-၄၅ ရာခိုင်နှုန်းလောက် ဖြစ်သွားလိမ့်မယ်။ Prevention ကျတော့ အဲလိုမဟုတ်ဘူး။ Sex Worker တယောက်ဖြစ်စေ။ MSM တယောက်ဖြစ်စေ၊ သူ့ကို Prevention Package ပေးဖို့ အကုန်လုံး ခြုံလိုက်ရင် ၆၅ ကနေ ၇၀ ဒေါ်လာပဲရှိတယ်။ အဲဒီလိုရှိတဲ့အတွက် ဘတ်ဂျတ်အားဖြင့်တော့ ၂၃ ရာခိုင်နှုန်းလို့ ပေါ်နေပေမယ့် တကယ့်တကယ် Reach ဖြစ်ဖို့က ပိုများတယ်ပေါ့။ နောက်တခုက ကျနော်တို့ အခု ၂၀၁၆ ကနေ ၂၀၂၀ ပေါ့။ တတိယ National Strategic Plan ကို ကျနော်တို့ ရေးဆွဲပြီးတော့ လုပ်နေတယ်။ အရင်တုန်းကတော့ Key Effect Population လို့ပြောတဲ့ MSM၊ Sex Worker တို့ PWID (IDU) တို့ကို လုပ်ထားပေမယ့် ဒီ NSP အသစ်မှာတော့ Priority Populations ဆိုပြီးတော့ Key Population plus ပေါ့နော်။ Migrant  နဲ့ Mobile Population တွေ၊ Prisoner တွေနဲ့ တခြား Youth Key Population အဲဒါတွေ အကုန်လုံးကို လုပ်မှာပါ။ လူငယ်တွေအတွက် ကျနော်တို့ မလုပ်ဘူး မဟုတ်ဘူး။ လုပ်တယ်။  Prevention တွေရော၊ Treatment တွေရော လုပ်နေပါတယ်။ ဆိုတော့ ပြောချင်တာက ၁၈ နှစ်အောက် ဖြစ်ပွားမှုနှုန်း (Prevalence) နဲ့ အသစ်ကူးစက်မှုနှုန်း (Incidence) ကို အတိအကျ ပြောတဲ့ ဒေတာတွေ မရှိဘူး ပြောတာ။ မလုပ်ဘူး မဟုတ်ပါဘူး။ လုပ်လည်းလုပ်တယ်။ Prevention ရော၊ Treatment ပါ လုပ်နေပါတယ်။
5 years Ago
Up