လူငယ်တွေကို ထိန်းသိမ်းထားရှိတဲ့ အကျဉ်းစခန်းတခုအတွင်း ညစ်ညမ်းရုပ်သံလိုင်းတွေ ဖမ်းယူကြည့်ရှုခွင့် ရနေခဲ့တာဟာ ဝေဖန်စရာဖြစ်နေပြီး ဒါကို အရေးယူပေးဖို့ တောင်းဆိုနေကြပါတယ်။
ဒီအဖြစ်အပျက်ဟာ အင်္ဂလန်နိုင်ငံ ဝါရစ်က်ရှီးယားဒေသ ရိန်းဘရွတ်က်စ် လူငယ်ထိန်းသိမ်းရေး အကျဉ်းစခန်းမှာဖြစ်ပြီး ဒါဟာ ရှက်စရာကောင်းတဲ့ နမော်နမဲ့နိုင်မှုတခုဖြစ်တယ်လို့ မေရာသတင်းမှာ သြဂုတ် ၁၉ ရက်နေ့က ဖော်ပြလိုက်တာပါ။
လူငယ်တွေကိုထားတဲ့ အခန်းငယ်တွေထဲက တီဗွီရုပ်သံလိုင်းတွေထဲမှာ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းရုပ်သံလိုင်းတွေကို အသက် ၁၂ နှစ်နဲ့ ၁၈ နှစ်ကြား လူငယ်အကျဉ်းသားတွေ ကြည့်ခွင့်ရနေတာ ဖြစ်ပါတယ်။
လူငယ်ထိန်းသိမ်းရေးအကျဉ်းစခန်းကို စစ်ဆေးသူတွေဟာ ဒီကိစ္စကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အံ့သြထိတ်လန့်ခဲ့ကြပြီး ချက်ချင်းအရေးယူလုပ်ဆောင်ဖို့ တောင်းဆိုခဲ့ကြတာပါ။
အသက် ၁၂ နှစ်နဲ့ ၁၈ နှစ်ကြား ယောက်ျားလေးနဲ့ မိန်းကလေး အယောက် ၆၀ လောက်ကို ထိန်းသိမ်းထားတဲ့ ဒီထောင်တွင်းမှာ အများစုက ယောက်ျားလေးတွေဖြစ်ပြီး အကျဉ်းသားစုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းရှိကာ အသက် ၁၆ နှစ်အထက်က ၇၄ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။
ဒီအကျဉ်းထောင်နဲ့ပတ်သက်ပြီး Ofsted ဆိုတဲ့အဖွဲ့က အကျဉ်းထောင် အရည်အသွေး ဂရုပြုမှု စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ပူးပေါင်းထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာတော့ တချို့အကျဉ်းခန်းတွေထဲမှာ အသက်အရွယ် ရောက်ပြီးသူတွေအတွက်သာ ဆိုတဲ့ ရုပ်သံလိုင်းတွေကိုတောင် မတားမြစ်ထားဘဲ လွတ်လပ်စွာ ကြည့်ခွင့်ရနေတာလို့ ဖော်ပြထားပါတယ်။
အဲဒီရုပ်သံလိုင်းတွေထဲမှာ တယ်လီဗေရှင်းအိတ်စ် (Television X)၊ ဆင်းတီဗွီ (Sin TV)၊ အဒေါ့လ်တ်ဘလူး (Adult Blue) စတဲ့ ရုပ်သံလိုင်းတွေ အပါအဝင် လွတ်လပ်စွာ ကြည့်လို့ရနေတယ်လို့ ဆိုပါတယ်။
“တီဗွီအသစ်တွေကို ဝယ်တဲ့အခါ တာဝန်ရှိသူတွေက သင့်တော်တဲ့ တားမြစ်ချက်တွေ ပြုလုပ်ဖို့ အကြံပြုပါတယ်။ ထိန်းသိမ်းရေးစခန်းထဲက လူငယ်တချို့ဟာ အရွယ်ရောက်ပြီးသူတွေအတွက်သာ ဆိုတဲ့ ရုပ်သံလိုင်းတွေကိုတောင် လွတ်လွတ်လပ်လပ် ကြည့်ခွင့်ရနေတာဟာ ထိန်းသိမ်းရေးစခန်းက မကြည့်ရှု မစစ်ဆေးခဲ့လို့ ဖြစ်ပါတယ်။ စင်တာရဲ့ မန်နေဂျာတွေက ဒီကပစ္စည်းတွေကို မစစ်ဆေးခဲ့ဘူး။ ဒီအားနည်းချက်က စိုးရိမ်စရာပါပဲ။ စုံစမ်းစစ်ဆေးမှုအတွင်းမှာ ဒါတွေကို ပြုပြင်သွားမှာပါ" လို့ အကြီးတန်းမန်နေဂျာတဦးက ပြောပါတယ်။
လက်ရှိမှာတော့ ဒီလူငယ်ထိန်းသိမ်းရေးအကျဉ်းစခန်းရဲ့ တာဝန်ရှိသူ အကြီးတန်း အရာရှိတဦးကိုလည်း အရေးယူထားတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
“လူငယ်တွေရဲ့ လုံခြုံအန္တရာယ်ကင်းရေးနဲ့ ကိုယ်ရောစိတ်ပါ ကျန်းမာရေးက ကျနော်တို့ရဲ့ နံပါတ်တစ်ဦးစားပေးအလုပ်ပဲ” လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
5 years Ago