လူကူးတံတားတစင်း

January 21, 2020

အင်ဒိုနီးရှားတွင် လူကူးတံတားတစင်း ပြိုကျ၊ လူ ၉ ဦး သေဆုံး

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမှာ ဇန်နဝါရီ ၁၉ ရက်က လူကူးတံတားတစင်း ပြိုကျခဲ့တာကြောင့် ၉ ယောက်ထက်မနည်း ရေနစ်သေဆုံးပြီး တယောက် ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ကာအူဘန်ကူလူပြည်နယ်မှာ မိုးကြီး မြစ်ရေလျှံတာကြောင့် တံတားပြိုကျခဲ့ပြီး ၁၇ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။  ကျောင်းသားအများစု ပါဝင်ပြီး အယောက် ၃၀ လောက်ရှိတဲ့ လူအုပ်ဟာ တံတားပေါ်မှာ ရေကြီးတာကို စုပြီးကြည့်ရာကနေ တံတားခံနိုင်ဝန်ကို ထိခိုက်ကာ ကျိုးကျသွားတယ်ဆိုပြီး အများက ထင်နေကြပါတယ်။ တံတားပေါ်က ကျသူတွေဟာ အားကောင်းတဲ့ ရေစီးထဲမှာ မျောပါသွားပြီး ရေနစ် သေဆုံးတာ လို့ တရာဝန်ရှိသူတဦးက ပြောခဲ့ပါတယ်။ နောက်ပြီး အဲဒီတံတားကို အနီးဝန်းကျင်မှာ နေထိုင်တဲ့ လယ်သမားတွေ  အသုံးပြုတာ များတယ်လို့ ဆိုပါတယ်။ ကာအူဘန်ကူလူဒေသ အုပ်ချုပ်ရေးမှူးက ယန္တရားကြီးတွေ သုံးပြီး သေဆုံးသူတွေ ရှာဖွေရေးနဲ့ အပျက်အစီး ရှင်းလင်းရေးတွေ လုပ်နေပေမယ့် သေဆုံးသူတွေကို မတွေ့ရှိဘူးလို့ ပြောပါတယ်။ ဒီအတွက် ရေစုန်မှာ ရှာဖွေရေးလုပ်ဖို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
1 year Ago
Up