လူကုန်ကူးမှု

A d v e r t i s e m e n t With Us

July 1, 2020

ဇွန်လအတွင်း အမျိုးသမီး ၄၀ အပါအဝင် ၅၅  ဦးကို လူကုန်ကူးမှုဖြင့် အရေးယူ 

ပြီးခဲ့တဲ့ ဇွန်လထဲမှာ လူကုန်ကူးမှု ၁၅ မှုဖော်ထုတ်နိုင်ခဲ့ပြီး အရင်လတွေထက် ၂ ဆကျော် အရေးယူနိုင်ခဲ့တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ ၂၀၂၀ ပြည့်နှစ် မတ်၊ ဧပြီနဲ့ မေလတို့မှာ စုစုပေါင်း ၂၁ မှု ဖော်ထုတ်နိုင်ခဲ့ပြီး ကျူးလွန်သူ ၆၂ ယောက်ကို အရေးယူခဲ့ပါတယ်။ ဇွန်လထဲမှာတော့ အမှု ၁၅ မှုအတွက် ကျူးလွန်သူ တရားခံ ၅၅ ယောက်ကို ဖော်ထုတ်အရေးယူခဲ့ပြီး ဒီထဲမှာ အမျိုးသမီး အယောက် ၄၀ ပါနေတာကို တွေ့ရပါတယ်။ လူကုန်ကူးမှုတွေထဲမှာ ယေဘုယျအားဖြင့် ကျူးလွန်သူထဲမှာရော လူကုန်ကူးခံရသူထဲမှာပါ မိန်းကလေးက ပိုများနေတာပါ။ ပြီးခဲ့တဲ့ ဇွန်လထဲမှာ ဖော်ထုတ်နိုင်ခဲ့တဲ့ လူကုန်ကူးခံရသူ ၁၆ ယောက်ရှိပြီး ဒီထဲမှာ ကလေး ၄ ယောက်အပါအဝင် အမျိုးသမီး ၁၂ ယောက်ပါပါတယ်။ အမှုတွေကတော့ ရှမ်းပြည်နယ်မှာ ၈ မှု၊ ရန်ကုန်တိုင်းမှာ ၄ မှု၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ ၁ မှုစီဖြစ်ခဲ့ပါတယ်။ အရင်အမှုတွေလိုပဲ ဇွန်လထဲက အမှုတွေထဲက ၁၄ မှုဟာ တရုတ်နိုင်ငံမှာ အဓမ္မ လက်ထပ်ထိမ်းမြားမှုဖြစ်ပြီး ၁ မှုကတော့ ပြည်တွင်းမှာပဲ ပြည့်တန်ဆာအဖြစ်စေခိုင်းခဲ့တာ ဖြစ်ပါတယ်။ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရဲ့ အချက်အလက်စာရင်းတွေအရလည်း လူကုန်ကူးခံရတာတွေရဲ့ အများစုဟာ တရုတ်နိုင်ငံသားတွေရဲ့ ဇနီးမယားအဖြစ် အဓမ္မထိမ်းမြားဖို့ လူကုန်ကူးခံရတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တနှစ်အတွင်း လူကုန်ကူးတရားခံပေါင်း ၅၀၀ လောက်ဖမ်းဆီးခဲ့တယ်လို့ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလကလုပ်တဲ့ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့မှာ ဒု သမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောဆိုခဲ့ပါတယ်။ မြန်မာအမျိုးသမီးတွေလူကုန်ကူးခံရတဲ့အကြောင်း စစ်တမ်းတခုမှာတော့ ၂၀၁၇ ခုနှစ်က လူကုန်ကူးခံရတဲ့ မြန်မာအမျိုးသမီးတွေရဲ့ ၇၂ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံကိုဖြစ်ပြီး ၂၀၁၈ ခုနှစ် မှာတော့ ၈၀ ရာခိုင်နှုန်းအထိမြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ တရုတ်ကနေ မြန်မာအမျိုးသမီးလုပ်သား ၆၅၀၀၀ ပြန်လာခဲ့ပြီး အမျိုးသမီး ၁၀၄၀၀ ဟာ တရုတ်အမျိုးသားတွေနဲ့ လက်ထပ်ခဲ့ရသလို အမျိုးသမီး ၂၈၀၀ ကတော့ အဓမ္မကိုယ်ဝန်ဆောင်ခိုင်းစေတာခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။
8 months Ago

January 3, 2020

ဒီဇင်ဘာလအတွင်း ရန်ကုန်တိုင်း၌ လူကုန်ကူးမှုအများဆုံးဖြစ်

တိုင်းနဲ့ပြည်နယ်တွေမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း လူကုန်ကူးမှုတွေ ဖြစ်ပွားခဲ့ရာမှာတော့ ရန်ကုန်တိုင်းဟာ အများဆုံးဖြစ်တယ်လို့ လူ/ကုန်တားရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။  ဒီဇင်ဘာလထဲမှာဆိုရင် ရန်ကုန်တိုင်းဟာ လူကုန်ကူးမှု ၇ မှုနဲ့ အများဆုံးဖြစ်ပွားခဲ့တာတွေ့ရပြီး ပဲခူးနဲ့မန္တလေးတိုင်းမှာတော့ ၁ မှုစီ၊ ရှမ်းပြည်နယ်မှာ ၂ မှုနဲ့ ဧရာဝတီတိုင်းမှာတော့ ၅ မှုရှိပြီး ဒုတိယအများဆုံးလို့ ဆိုနိုင်ပါတယ်။ လူကုန်ကူးမှု အမျိုးအစားအနေနဲ့ကတော့ အဓမ္မစေခိုင်းခံရမှုဟာ ၇ မှုနဲ့ အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံထဲမှာ ဖြစ်ပွားခဲ့တာပါ။ အဓမ္မလက်ထပ်မှုကတော့  ဒီဇင်ဘာလထဲမှာ ၇ မှုရှိပြီး တရုတ်နိုင်ငံကိုပို့ဖို့ ကြိုးစားချိန်မှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ လူ/ကုန်တားရဲတပ်ဖွဲ့အနေနဲ့ ဒီဇင်ဘာလထဲမှာ လူကုန်ကူးမှု ၁၆ မှု ဖော်ထုတ်နိုင်ခဲ့သလို တရားခံ ၄၀ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီ ကလေး(ကျား) ၄ ဦးအပါအဝင် လူကုန်ကူးခံရသူ ၃၃ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
1 year Ago
Up