လူကုန်ကူးမှုကို အင်အားအပြည့်သုံး တိုက်ဖျက်သွားမည်ဟု ဒေါ်နယ်ထရမ့် ပြော

February 24, 2017

လူကုန်ကူးမှုကို အင်အားအပြည့်သုံး တိုက်ဖျက်သွားမည်ဟု ဒေါ်နယ်ထရမ့် ပြော

အမေရိကန်အစိုးရဟာ လူကုန်ကူးမှုကို အင်အားအပြည့်သုံး တိုက်ဖျက်သွားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၂၃ ရက်မှာ ပြောပါတယ်။ လူကုန်ကူးမှု ဓားစာခံတွေရဲ့ အရေးကို ကိုင်တွယ်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံချိန်မှာ ဒေါ်နယ်ထရမ့်က ပြောလိုက်တာပါ။ လူကုန်ကူးမှုလို ဆိုးရွားပြီး စက်ဆုပ်စရာကောင်းတဲ့ ပြဿနာတွေ အဆုံးသတ်အောင် အာရုံစိုက်သွားမယ်လို့ သူက ဆက်ပြောပါတယ်။ လူကုန်ကူးမှုဟာ ဘယ်လောက်ဆိုးရွားလဲဆိုတာ လုံလောက်အောင် ပြောလို့မရဘူး၊ လူတွေကလည်း လုံလောက်အောင် မသိကြဘူး၊ ဒီအရေးကို ပွင့်လင်းမြင်သာအောင် ဆွဲထုတ်မယ်၊ ဒါမျိုး ရာဇဝတ်မှုတွေ နေရာယူလို့မရအောင် ကာကွယ်ရာမှာ ကူညီဖို့ အကြီးအကျယ် အလုပ်လုပ်မယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ ကမ္ဘာတလွှားမှာ လူကုန်ကူးမှု ဓားစာခံ ၂၁ သန်းနီးပါး ရှိတယ်လို့ ကုလသမဂ္ဂလက်အောက်ခံ နိုင်ငံတကာ အလုပ်သမားအဖွဲ့ (အိုင်အယ်လ်အို) က ပြောပါတယ်။ သူတို့ထဲက ခန့်မှန်းခြေ လူ ၄ ဒသမ ၅ သန်းကတော့ ကာမလုပ်သားတွေအဖြစ် အတင်းစေခိုင်းခံနေရပါတယ်။ အမေရိကန်နိုင်ငံထဲမှာတော့ မနှစ်က တခြား ပြည်နယ်တွေနဲ့စာရင် ကယ်လီဖိုးနီးယားပြည်နယ်မှာ လူကုန်ကူးမှု ပိုများတယ်လို့ အမျိုးသား လူကုန်ကူးမှုဆိုင်ရာ အရင်းအမြစ်ဌာနရဲ့ သတင်းအချက်အလက်တွေက ဆိုပါတယ်။ မနှစ်က အမေရိကန်နိုင်ငံတလွှား ကာမကုန်ကူးမှု ၅၅၀၀ ကို ဌာနရဲ့ အရေးပေါ်ဖုန်းဆီ အစီရင်ခံခဲ့တယ်လို့ ဌာနရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
4 years Ago
Up