လူကုန်ကူးခံရသည့် မြန်မာများ

April 11, 2016

လူကုန်ကူးခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇ ဦးလွတ်မြောက်

ထိုင်းနိုင်ငံ၊ ရက်ခ်ျဘူရီစက်ရုံတရုံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ လူကုန်ကူးခံရတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၇ ယောက်ကို သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ အကူအညီနဲ့ ပြန်လွှတ်ပေးနိုင်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ဖော်ပြပါတယ်။ အလုပ်သမားရေးရာဌာန၊ ညွှန်ကြားရေးမှူးချုပ် အာရက်ခ်ပရွန်မန်နီက သူတို့အနေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ဆက်သွယ်ပြီး ခရိုင်တွင်းစုံစမ်းစစ်ဆေးခဲ့ချိန်မှာ အုန်းသီး အခြေခံထုတ်လုပ်ရေးစက်ရုံတရုံမှ ရွှေ့ပြောင်းအလုပ်သမား ၂ ဦးကို ကနဦး တွေ့ရှိခဲ့ကာ လွှတ်ပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီအလုပ်သမား ၂ ဦးက စက်ရုံတွင်းမှာ မြန်မာအလုပ်သမား ၁၇ ဦးပိတ်မိနေ သေးတယ်လို့ ပြောခဲ့တဲ့အတွက် ရဲတွေနဲ့ပူးပေါင်းပြီးရှာဖွေခဲ့ချိန်မှာ တရားမ၀င်မြန်မာ အလုပ်သမားတွေကို ဆင်းရဲနိမ့်ကျတဲ့ အခြေအနေတွေနဲ့ တွေ့ရှိခဲ့ရတာပါ။ အဆိုပါအလုပ်သမားတွေကို စက်ရုံတွင်းကနေ မနေ့ကထုတ်ပေးနိုင်ခဲ့ပြီး ရှာဖွေ စစ်ဆေးမှုတွေအရ အလုပ်သမားတွေရဲ့ ပတ်စ်ပို့စ်တွေ၊ မိုဘိုင်းဖုန်းတွေ၊ ငွေသားနဲ့ ဘဏ်စာရင်းရှင်အကောင့်တွေကိုရော သိမ်းဆည်းရမိခဲ့တာပါ။ ကနဦးစစ်ဆေးမှုတွေအရ သူတို့တွေဟာ အလုပ်အကိုင်ရှာဖွေရေးပွဲစားကုမ္ပဏီ ၂ ခုမှတဆင့်ဆက်သွယ်ကာ ပြီးခဲ့တဲ့ နိုဝင်ဘာလတည်းက ထိုင်းနိုင်ငံတွင်း တရားမ၀င် ရောက်လာခဲ့ကြကာ စာချုပ်နဲ့ အလုပ်တွေမရရှိခဲ့ကြဘူးလို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ သူတို့ကို နခွန်ပသွန်၊ ရက်ခ်ျဘူရီ၊ ပရာချွတ်ခီရိခန်၊ ဖက်ချဘူ ရီ၊ ကန်ချနဘူရီစတဲ့ ခရိုင်တွေအနှံ့ စက်ရုံတွေမှာ အလုပ်တွေလုပ်ခဲ့ကြရပြီး လုပ်ခလစာ တွေလည်း မရရှိကြဘူးလို့ ဆိုပါတယ်။ သူတို့ကို စက်ရုံတွေက အကြွေးဘတ်ငွေ ၇၀၀၀ ကနေ ၈၀၀၀ အထိ ကြားခံပွဲစား ကုမ္ပဏီတွေအတွက်တင်နေတယ်လို့ပြောပြီး ဖိအားပေးစေခိုင်းခံခဲ့ကြရတာပါ။ ထိုင်းနိုင်ငံမှာ အလုပ်ပြောင်းချင်တဲ့ အလုပ်သမားတွေအနေနဲ့ ထပ်ဆောင်းဘတ် ငွေ ၆၀၀၀ က နေ ၈၀၀၀ ကြားပေးဆောင်နေကြရတာဖြစ်ပြီး ခုကိစ္စနဲ့ပတ်သက်ပြီး ထိ ထိရောက်ရောက်စုံစမ်းစစ်ဆေးကာ တရားမ၀င်တဲ့ ကြားခံပွဲစားကုမ္ပဏီတွေကို လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်တွေ ပိတ်သိမ်းသွားမယ်လို့ အာရက်ခ်က ပြောပါတယ်။
7 years Ago

December 16, 2015

အင်ဒိုနီးရှားတွင် လူကုန်ကူးခံရသည့် မြန်မာများ အလုပ်ရှင်ကိုတရားစွဲ (ရုပ်သံ)

အင်ဒိုနီးရှားနိုင်ငံ ဗန်ဂျီးနားကျွန်းမှာ  လူကုန်ကူးခံရတဲ့ မြန်မာအလုပ်သမား ၁၃ ယောက်ဟာ နစ်နာဆုံးရှုံးမှုတွေအတွက် အင်ဒိုနီးရှားနိုင်ငံ မာလူကာ ပြည်နယ်တရားရုံးမှာ အလုပ်ရှင်ကို တရားစွဲဆိုထားပါတယ်။ လူကုန်ကူးခံရပြီး အလုပ်လုပ်ကိုင်ခဲ့ကာလအတွင်း မရရှိခဲ့တဲ့လုပ်ခလစာတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားခဲ့ရမှုတွေအတွက် လျှော်ကြေးငွေတောင်းဆိုခဲ့ကြတာလို့ လူကုန်ကူးခံရသူတဦးဖြစ်တဲ့  ကိုသန့်ဇင်ထွန်းက ပြောပါတယ်။ နစ်နာဆုံးရှုံးမှုတွေအတွက် အင်ဒိုနီးရှားနိုင်ငံက အလုပ်ရှင်နဲ့ လှေသူကြီးကို တရားစွဲဆိုထားတာဖြစ်ပြီး တရားစွဲဆိုနိုင်ဖို့အတွက် အင်ဒိုနီးရှားနိုင်ငံ လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့နဲ့ မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးရေးရဲတပ်ဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခဲ့တာပါ။ အခုတရားစွဲဆိုထားတဲ့ အမှုအတွက် တရားရုံးကာလ ၆လတာကြာမြင့်နိုင်မယ်လို့ ခန့်မှန်း ထားပါတယ်။ အခုလိုတရားစွဲဆိုလိုက်တဲ့ မြန်မာအလုပ်သမားတွေအပါအ၀င်  မြန်မာရေလုပ်သား ၅၀၀ ကျော်ဟာ ၂၀၁၅ မေလထဲမှာ အစိုးရအကူအညီနဲ့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိ လာနိုင်ခဲ့တာပါ။ သတင်း - ဟိန်းကို
7 years Ago
Up