လူကယ်ပြန်ဝန်ကြီး

August 22, 2018

ရေဘေး ပြန်လည်ထူထောင်ရေး အမြန်လုပ်သွားမည်ဟု လူကယ်ပြန်ဝန်ကြီး ကတိပေး

ရေဘေးဒုက္ခခံစားနေရတဲ့ တနင်္သာရီမြို့မှာ  ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အချိန်မကြန့်ကြာစေဘဲ အမြန်ဆုံး လုပ်ဆောင်သွားမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ပြောပါတယ်။ သြဂုတ် ၂၁ နေ့က တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ကို ရောက်ရှိလာပြီး အခုလို ပြောကြားခဲ့တာပါ။ "ဒီတနှစ်ကတော့ ကမ္ဘာ့ရာသီဥတု အပြောင်းအလဲကြောင့် သဘာဝဘေးအန္တရာယ်တွေ နိုင်ငံအတော်များများမှာဖြစ်ခဲ့တယ်။ မြန်မာတနိုင်ငံတည်း မဟုတ်ပါဘူး၊ မွန်ပြည်နယ်မှာဆိုရင် ကြိုတင်ကာကွယ်မှုတွေ လုပ်ထားတယ်၊ ဒါပေမယ့် မရခဲ့ဘူး။ ရေကြီးမှုဒဏ် ခံလိုက်ရတယ်။ အခု တနင်္သာရီမှာလည်း တတိယအကြိမ် ရေထပ်ကြီးတာ ကြုံရတယ်၊ ကျနော်တို့ဌာနအနေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို မကြန့်ကြာစေဘဲ ဆောင်ရွက်ပေးမှာပါ။" ရေဘေးသင့်ပြည်သူ ၂၄၀၀၀ ကျော်ရှိနေတဲ့ တနင်္သာရီ မြို့နဲ့ ပတ်ဝန်းကျင်ကျေးရွာ ၃၀ မှာ ရေကြီးမှု ရက်ကြာရှည်လာလို့ အခက်အခဲများစွာ ကြုံတွေ့နေရပါတယ်။ လတ်တလော ကယ်ဆယ်ရေးစခန်း ၆ ခု ဖွင့်လှစ်ထားရဆဲဖြစ်ပြီး စာသင်ကျောင်းတွေ လည်း ပိတ်ထားရကာ လက်ရှိ တနင်္သာရီမြစ်ရေမှာ ၂၇ ပေကျော်အထိ ရောက်ရှိနေတယ်လို့ သိရပါတယ်။ လူကယ်ပြန်ဝန်ကြီးအနေနဲ့ ရေဘေးသင့်ပြည်သူတွေကို လိုက်လံတွေ့ဆုံပြီး လှူဒါန်းမှုတွေ ပြုလုပ်ခဲ့သလို တောင်သူ/လယ်သမားတွေအတွက် စိုက်ပျိုးရေး အမြန်ပြန်လည်ဆောင်ရွက်ဖို့ စီစဉ်ပေးမယ်လို့ ကတိပေးခဲ့ကြောင်း သိရပါတယ်။ ဒေသခံတွေက ရက်ကြာရှည်မြစ်ရေကြီးမှုကြောင့် စားဝတ်နေရေးကအစ အခက်အခဲဖြစ်လာပြီး ကယ်ဆယ်ရေးပစ္စည်းတွေ မပြတ်လပ်စေဖို့ ဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ လူကယ်ပြန်ဝန်ကြီးဟာ မိုင်းအန္တရာယ်ကြောင့် မသန်စွမ်းဖြစ်ခဲ့သူတွေကို ထောက်ပံ့ ကြေးပေးတာနဲ့ ရေဘေးသင့်ပြည်သူတွေကိုတွေ့ဆုံဖို့ မြိတ်မြို့ကို ရောက်ရှိလာပြီး မြိတ်မြို့က တဆင့် တနင်္သာရီမြို့ကို သွားရောက်ကာ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေနဲ့ ဒေသခံပြည်သူတွေကို တွေ့ဆုံခဲ့တာပါ။ သတင်းနှင့်ဓာတ်ပုံ - မြတ်ထွဋ် (မြိတ်)  
3 years Ago

August 4, 2016

ရေဘေးသင့်သူအားလုံး အစိုးရကူညီထောက်ပံ့မည်ဟု လူကယ်ပြန်ဝန်ကြီး ကတိပေး

ရေပြန်မကျမခြင်း၊ ကိုယ့်အိမ်တွေကို ပြန်နေလို့ မရမခြင်း ရေဘေးသင့်သူတွေကို ကူညီပေးသွားမှာဖြစ်ပြီး အစိုးရရဲ့ ကူညီ ထောက်ပံ့မှုကို အားလုံးရမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်း မြတ်အေးကပြောပါတယ်။ သြဂုတ် ၄ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးမှာ မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေဆိုတာဖြစ်ပါတယ်။ လက်ရှိ ရေကြီးရေလျှံမှုတွေ ဖြစ်နေတာဟာ ဧရာဝတီ၊ ချင်းတွင်းမြစ်ဘေးနဲ့ နီးတဲ့တလျှောက် ပိုအဖြစ်များနေပြီး အပေါ်ဘက်ကနေ တဖြည်းဖြည်း အောက်ဘက်ကို ဆင်းလာတဲ့ အခြေအနေရှိတယ်လို့ပြောပါတယ်။ ဒီအခြေအနေမှာ အစိုးရအဖွဲ့က လုပ်ရမယ့် ကူညီကယ်ဆယ်မှုတွေကို လုပ်နေပြီး ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ “ပထမအဆင့်အနေနဲ့ ရေဘေးသင့်ပြည်သူတွေကို အဓိကလတ်တလော လိုအပ်နေတာက တချို့တွေက ရေမြုပ်လို့ နေလို့မရလို့ ကုန်းမြင့်တဲ့နေရာကို ပြောင်းရွှေ့ရတဲ့ ကိစ္စရှိတယ်။ အဲဒီမှာလည်း ကူညီဆောင်ရွက်တယ်။ နောက်တခုက သူတို့အိမ်တွေမှာပဲ အောက်ထပ်မြုပ်ပေမယ့် အပေါ်ထပ်က နေလို့ရလို့ ဆက်နေတဲ့သူတွေရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရေထဲကျန်နေတဲ့ သူတွေရော၊ ကုန်းပေါ်ပြောင်းနေတဲ့ သူတွေရော စားနပ်ရိက္ခာနဲ့ပတ်သက်ပြီး အဓိက ထောက်ပံ့ရတာရှိတယ်။ ကျန်တာထက်စာရင် စားနပ်ရိက္ခာက ပိုအရေးကြီးတယ်။ ဒါနဲ့ပတ်သက်ပြီး နေ့(ရက်)နဲ့တွက်ပြီး ဆန်ဖိုးတွေ ပေးနေတာရှိတယ်၊ ငါးသေတ္တာဘူးတွေ ခေါက်ဆွဲခြောက်ဘူးတွေ၊ ရေသန့်ဘူးတွေ ထောက်ပံ့ပေးနေတာရှိတယ်။ ကနဦး သုံးရက်စာ ထောက်ပံ့တယ်။ အခုဆက်ပြီး တစ်ပတ်စာ၊ ဆယ်ရက်စာ၊ နှစ်ပတ်စာ ဆက်တိုက် ရေပြန်မကျမခြင်း၊ သူတို့ အိမ်တွေမှာ ပုံမှန်အတိုင်း ပြန်နေလို့ မရမခြင်း ဆက်လက်ထောက်ပံ့ဖို့ အစီအစဉ်တွေ လုပ်နေတယ်။ ဒီနေ့လည်း တိုင်းဒေသကြီးနဲ့ ပူးပေါင်းပြီး ဇုန်တွေသတ်မှတ်ပြီး သူတို့ကို ထောက်ပံ့ငွေတွေပေးပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေပြီ။ အားလုံးဟာ အစိုးရရဲ့ ထောက်ပံ့ကူညီမှုတွေကို ရမှာဖြစ်ပါတယ်။ “အရေးပေါ်အခြေအနေနဲ့ပတ်သက်ပြီး မကြေညာဘူးမဟုတ်ပါဘူး။ လိုအပ်တဲ့အခါမှာ ဥပဒေ ဆိုတာရှိပါတယ်။ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ ရှိတယ်။ နည်းဥပဒေလည်း ပေါ်ပြီးဖြစ်ပါတယ်။ ဥပဒေတွေ၊ နည်းဥပတွေကို ပြည်သူတွေသိအောင်ရှင်းပါမယ်။ အဲပေါ်မှာ တကယ်ပဲ အရေးပေါ်အခြေအနေကြေညာသင့်ပြီးလားဆိုတာ သဘောပေါက်သွားပါလိမ့်မယ်။ အချိန်နဲ့ အမျှပြောင်းလဲတာဖြစ်တဲ့အတွက် လိုအပ်ရင် လိုအပ်သလို ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” စစ်ကိုင်း၊ ကချင်၊ မန္တလေး၊ မကွေး၊ ဧရာဝတီနဲ့ ပဲခူး စတဲ့ ပြည်နယ်တိုင်း ၆ခုမှာ ဇူလိုင်လလယ်ကနေ အခုချိန်ထိ ရေဘေးကြောင့် အိမ်ထောင်စုပေါင်း ၃၉၀၀၀ ခန့် ပြောင်းရွှေ့ခဲ့ရပြီး လူဦးရေ ၁၇၀၀၀၀ ကျော် ရေဘေးသင့်နေပါတယ်။ အစိုးရက ဒီနေ့ထိ ငွေကျပ်သန်းပေါင်း ၈၀ ကျော် သုံးပြီး ရေဘေးသင့်သူတွေအတွက် အစားအစာနဲ့ အိမ်ဆောက်ပစ္စည်းတွေ ကူညီထောက်ပံ့ထားတယ်လို့ လူကယ်ပြန်ဌာနက သတင်းထုတ်ပြန်ပါတယ်။
5 years Ago
Up