မန္တလေးမြို့တော် လုံခြုံရေးအတွက် စက်တင်ဘာ ၃ ရက်နေ့ညက စတင်ပြီး အင်အားတိုးမြှင့် ချသွားမယ်လို့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်က ပြောပါတယ်။
လုံခြုံရေးအတွက် ရဲအင်အား ၆၅ ဦး ထပ်မံအင်အားဖြည့်ထားပြီး လှုပ်ရှားရဲကင်းတွေမှာ ထပ်ထည့်သွားမယ်လို့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမျိုးအောင်က ပြောပါတယ်။
မန္တလေးမှာ ဇွန် ၂၅ ရက်ကစတင်ပြီး ဒုစရိုက်ကျဆင်းရေးနဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးစီမံချက်အဖြစ် သိန်းငှက်စစ်ဆေးရေးကို လှုပ်ရှားရဲကင်းပေါင်း ၃၀ ဝန်းကျင်နဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
မန္တလေးခရိုင်အတွင်းရှိ ၇ မြို့နယ်တွေမှာ တမြို့နယ်ကို လှုပ်ရှားရဲအင်အား ၁၀၀ နှုန်း၊ စုစုပေါင်း ရဲအင်အား ၇၀၀ ကျော်နဲ့ လုံခြုံရေးကို လက်ရှိဆောင်ရွက်နေတယ်လို့ ခရိုင်တပ်ဖွဲ့မှူးက ပြောပါတယ်။
မန္တလေးမြို့လယ်ခေါင်မှာ အခုရက်ပိုင်းအတွင်း လည်ပင်းကို ဓားနဲ့လှီးပြီး ဆိုင်ကယ်လုယက်မှု၊ အုပ်စုဖွဲ့ပြီး ဓားနဲ့ခုတ်မှုတွေ ဖြစ်ပေါ်နေပြီး ပြည်သူတွေအနေနဲ့ ထိတ်လန့်မှုတွေ ဖြစ်ပေါ်နေတာကြောင့် ရဲတပ်ဖွဲ့ရဲ့ လုံခြုံရေးဆောင်ရွက်မှုတွေ ဝေဖန်နေတဲ့အတွက် အခုလို အင်အားတိုးချဲ့ရတာလို့ ဆိုပါတယ်။
သတင်းနှင့်ဓာတ်ပုံ - အောင်အောင်နိုင်
5 years Ago