မြောက်ကိုရီးယားနိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အရေးယူဒဏ်ခတ်မှုတွေကို ဆန့်ကျင်ဆန္ဒပြတဲ့ လူထုအစည်းအဝေးတရပ်ကို သြဂုတ် ၉ ရက်နေ့က ကင်မ်အီဆွန်းရင်ပြင်မှာ ပြုလုပ်ခဲ့ပါတယ်။
ကင်မ်အီဆွန်းရင်ပြင်မှာ လူပေါင်းထောင်ချီ စုဝေးကြပြီး သြဂုတ် ၇ ရက်နေ့က နိုင်ငံပိုင် သတင်းဌာနကနေ ကြေညာတဲ့ ကုလသမဂ္ဂ အရေးယူဒဏ်ခတ်မှုတွေကို ရှုတ်ချကြောင်း သတင်းထုတ်ပြန်ချက်ကို ထောက်ခံဆန္ဒပြခဲ့ကြတာပါ။
ပြောင်းမှုန့်စက်ရုံ မန်နေဂျာတဦးက “ဘယ်လိုဒဏ်ခတ်မှုမျိုးကိုမှ၊ ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမှ ကျုပ်တို့ မမှုပါဘူး။ အရေးယူဒဏ်ခတ်တာတွေ၊ ဖိအားပေးတာတွေဟာ ကျုပ်တို့ရဲ့ရှင်သန်မှုကို မထိခိုက်စေပါဘူး။ ဒါဟာ ကျုပ်တို့ရဲ့ခေါင်းဆောင်ကြီး ကင်မ်အီဆွန်းနဲ့ ကင်မ်ဂျုံအန်း ဦးဆောင်တဲ့ ပါတီရဲ့ အစောင့်အရှောက်အောက်မှာ ကြီးပြင်းလာတဲ့ ကျုပ်တို့ အလုပ်သမားလူတန်းစားရဲ့ အဖြေပဲဖြစ်တယ်” လို့ ပြောသွားပါတယ်။
ကုလသမဂ္ဂရဲ့ အရေးယူဒဏ်ခတ်မှုအသစ်ကြောင့် မြောက်ကိုရီးယားဟာ နှစ်စဉ် ပြည်ပပို့ကုန်ဝင်ငွေရဲ့ သုံးပုံတပုံ၊ အမေရိကန်ဒေါ်လာ ၃ ဘီလျံခန့် ထိခိုက်နိုင်တယ်လို့ သိရပါတယ်။
အဲဒီ သြဂုတ် ၉ ရက်နေ့ မနက်ပိုင်းကလည်း မြောက်ကိုရီးယားဟာ အမေရိကန် လက်အောက်ခံ ဂူအမ်ကျွန်းကို ဒုံးကျည်နဲ့ပစ်ခတ်ဖို့ စဉ်းစားနေတယ်လို့ နိုင်ငံပိုင် ကေစီအန်အေ သတင်းဌာနက ကြေညာခဲ့ပါတယ်။
5 years Ago