ကုလလုံခြုံရေးကောင်စီမှာ ပြုလုပ်တဲ့ ဆီးရီးယား လူ့အခွင့်အရေးဆိုင်ရာ အစည်းအဝေးကို ရုရှားက တားမြစ်ပိတ်ပင်ခဲ့ပါတယ်။
မတ်လ ၁၉ ရက်နေ့က လူ့အခွင့်အရေး မဟာမင်းကြီး ရာအက် အယ်ဟူစိန် ပါဝင်တဲ့ ဆီးရီးယား လူ့အခွင့်ရေးဆိုင်ရာ အစည်းအဝေး ကျင်းပဖို့ ပြင်သစ်နဲ့ တခြားအဖွဲ့ဝင် ၆ နိုင်ငံက တောင်းဆိုခဲ့ပါတယ်။
ရုရှားကတော့ အဲဒီအစည်းအဝေး ကျင်းပမှာကို တားမြစ်ပြီး မဲခွဲဆုံးဖြတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
“ရုရှားဖက်ဒရေးရှင်းဟာ ဒီကနေ့ အစည်းအဝေး ပြုလုပ်မှာကို ဆန့်ကျင်ပါတယ်။ ဒီအစည်းအဝေးနဲ့ပတ်သက်လို့ မတ်လ ၁၆ ရက်နေ့က လုပ်ဖော်ကိုင်ဘက်တွေကို အသိပေးထားပါတယ်။ လူ့အခွင့်အရေးဟာ လုံခြုံရေးကောင်စီရဲ့ လုပ်ငန်းစဉ်မှာ မပါဝင်တဲ့အတွက် အခုအစည်းအဝေးဟာ မှန်ကန်မှုမရှိဘူးလို့ ကျနော်တို့ ရှုမြင်ပါတယ်။ ဂျနီဗာမှာ လုပ်ဆောင်နေတဲ့ လူ့အခွင့်အရေးကောင်စီ ရှိပါတယ်။ မစ္စတာ ရာအက် အယ်ဟူစိန်ဟာ အစည်းအဝေးပြုလုပ်ဖို့ နယူးယောက်ကို ရောက်ရှိနေတာဟာ ယုံကြည်ဖွယ်ကောင်းတဲ့ အကြောင်းပြချက် မဟုတ်ပါဘူး” လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှား အမြဲတမ်း ဒု-ကိုယ်စားလှယ် ဂျင်နာဂျီကူဇမင်က ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး သူက “ဒီလုပ်ငန်းစဉ်ကို အရှေ့အလယ်ပိုင်း အခြေအနေဆိုပြီး ဖော်ပြထားပါတယ်။ အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ အခြေနေတွေကို ကျေန်ာတို့ မဆန့်ကျင်ပါဘူး။ အဆိုပြုထားတဲ့ ဒီနေ့အစည်းအဝေး ကျင်းပမှာကိုပဲ ကျေန်ာတို့ ဆန့်ကျင်တာပါ။ ဒီအတွက် သင့်တော်စွာ ဆန္ဒမဲပေးကြဖို့ ကျေနာ် တောင်းဆိုပါတယ်” လို့ ပြောပါတယ်။
မဲခွဲခဲ့ရာမှာတော့ အစည်းအဝေး ထောက်ခံမဲ ၈ မဲသာရှိခဲ့ပြီး တမဲ လိုအပ်ခဲ့ပါတယ်။ တရုတ်၊ ဘိုလီးဗီးယား၊ ကာဇက်စတန်တို့က ရုရှားဘက်ကနေ ရပ်တည်ပြီး အိုင်ဗရီကို့စ်၊ အီကွေတိုရီရယ်ဂီနီနဲ့ အီသီယိုးပီးယားတို့က ကြားနေခဲ့ကြပါတယ်။
ပြင်သစ်နဲ့အတူ အစည်းအဝေးပြုလုပ်ဖို့ ထောက်ခံတဲ့ နိုင်ငံတွေကတော့ ဗြိတိန်၊ ဆွီဒင်၊ ပိုလန်၊ ဟော်လန်၊ အမေရိကန်၊ ပီရူးနဲ့ ကူဝိတ်နိုင်ငံတို့ ဖြစ်ကြပါတယ်။
3 years Ago