ဆူဒန်နိုင်ငံ မြို့တော်ခါတွန် မြို့လယ်က သပိတ်စခန်းကို လုံခြုံရေးတပ်ဖွဲ့က ဝင်စီးခဲ့အပြီး ဇွန်လ ၃ ရက်မှာ လူ ၉ ယောက်ထက်မနည်း သေဆုံးတယ်လို့ ဆန္ဒပြသူတွေနဲ့ နီးစပ်တဲ့ ဆေးဝါးအဖွဲ့အစည်းတရပ်က ပြောပါတယ်။
ဆူဒန်သမ္မတ အိုမာ အယ်လ် ဘာရှား နုတ်ထွက်အပြီး အသွင်ကူးပြောင်းရေး အချိန်အတွင်း ဘယ်သူအုပ်ချုပ်မလဲဆိုတာ ဆန္ဒပြသူတွေနဲ့ ဆူဒန်စစ်ကောင်စီတို့အကြား ဆွေးနွေးခဲ့ပေမယ့် ဆွေးနွေးပွဲတွေက မတိုးသာ မဆုတ်သာ ဖြစ်နေတာပါ။
အကြမ်းဖက်ခဲ့တဲ့ည နောက်ပိုင်းမှာ ဆန္ဒပြသူတွေက အရံအတားတွေကို စီစဉ်ရင်း စစ်တပ်ဟာ ပြည်သူကို သစ္စာဖောက်တယ်လို့ စွပ်စွဲပါတယ်။
စစ်တပ်က သမ္မတကို ဖယ်ရှားအပြီး ဧပြီလကစပြီး အသွင်ကူးပြောင်းရေး စစ်ကောင်စီအဖြစ် အာဏာရယူခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံကို အုပ်ချုပ်ဖို့ အစိုးရဖွဲ့စည်းခွင့်ကို စစ်ကောင်စီက ဆန္ဒပြသူတွေကို ပေးပေမယ့် ကြားဖြတ်ကာလအတွင်း အခွင့်အာဏာအားလုံးကို ဆက်ထိန်းထားမယ်လို့ အခိုင်အမာ ပြောခဲ့ပါတယ်။
ဆန္ဒပြသူတွေကတော့ အသွင်ကူးပြောင်းရေး အချိန်မှာ အရပ်သားတွေပါ ပါဝင် အုပ်ချုပ်စေချင်နေတာပါ။
ခါတွန်မြို့လယ်က ထိုင်သပိတ်စခန်းရဲ့ ဝင်ပေါက်ကို ပိတ်ဆို့ဖို့ ဆန္ဒပြသူတွေက အရံအတားတွေကို မီးရှို့ကြပါတယ်။
4 years Ago