လုံခြုံရေး

January 9, 2019

ဘရာဇီးတွင် ရာဇဝတ်ဂိုဏ်များကို စီးနင်းအပြီး လုံခြုံရေးတိုးမြှင့်

ဘရာဇီးနိုင်ငံ ဖော်တာလေဇာမြို့တလွှား ရာဇဝတ်ဂိုဏ်းတွေ စီးနင်းအပြီး မြို့ထဲမှာ ဇန်နဝါရီ ၇ ရက်က လုံခြုံရေး တိုးမြှင့်ထားရပါတယ်။ မူးယစ်ဆေးနဲ့ပတ်သက်တဲ့ အကြမ်းဖက်မှုတွေနဲ့ နိုင်ငံအတွင်း လူသတ်မှု စံချိန်တင် မြင့်တက်နေတာကို ရပ်တန့်ရေး စိန်ခေါ်မှုတွေကို သမ္မတအသစ် ဂျိုင်ယာ ဘော့ဆိုနာရို ရင်ဆိုင်နေရတဲ့ လက္ခဏာ ဖြစ်တယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။ ဆေရာပြည်နယ်က ၅ ညကြာ တိုက်ခိုက်မှုအတွင်း အဝေးပြေးလမ်းပေါ်မှာ ဗုံးကွဲတာ၊ ဘတ်စ်ကားတွေ မီးရှို့ခံရတာ၊ ဘဏ်တွေနဲ့ ရဲတန်းလျားတွေ တိုက်ခိုက်ခံရတာတွေလည်း ပါပါတယ်။ ဂိုဏ်းတွေအချင်းချင်းကြား ပတ်သက်မှုကို ခွဲထုတ်ဖို့ ထောင်သားတွေကို နိုင်ငံတလွှား နေရာလက်ကျန်ရှိတဲ့ ထောင်တွေဆီ လွှဲပို့ပြီး ဂိုဏ်းတွေရဲ့သြဇာကို လျော့ချဖို့ ဘရာဇီး အစိုးရသစ်က စီစဉ်ထားတာပါ။ ဒါကြောင့် ခုလိုတိုက်ခိုက်မှုတွေ ပေါ်လာတာလို့ လုံခြုံရေးအရာရှိတွေက ယုံကြည်ကြပါတယ်။ တိုက်ခိုက်မှုတွေကြောင့် ဆေရာပြည်နယ်မှာ ပြည်ထောင်စုလုံခြုံရေး တပ်ဖွဲ့ဝင် အယောက် ၃၃၀ ကို တရားရေးဝန်ကြီးသစ်က တာဝန်ချပေးခဲ့ပါတယ်။ ဘရာဇီး အခြေခံဥပဒေအရ ပြည်သူ့လုံခြုံရေးကို ပြည်နယ်အစိုးရက စီမံခန့်ခွဲဖို့ အခွင့်အာဏာ ပေးထားပါတယ်။ သမ္မတအသစ်ဟာ ပြည်ထောင်စုအစိုးရ အဆင့်ကနေ တည်ငြိမ်အောင် လုပ်ဆောင်နိုင်စွမ်းကို ကန့်သတ်ခံရနိုင်တယ်လို့လည်း မီဒီယာတွေက သုံးသပ်ကြပါတယ်။
3 years Ago

September 7, 2018

ပုသိမ်တွင် မှုခင်ကျဆင်းရေး တုတ်ဓားလက်နက် ကိုင်ဆောင်မှုရှိမရှိ စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ မှုခင်းကျဆင်းရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူမှုရေးအဖွဲ့တွေ ပူးပေါင်းပြီး ညအချိန် တုတ် ဓား လက်နက်တွေ ဆောင်ပြီးသွားလာမှု ရှိမရှိ လူစည်ကားရာ လမ်းဆုံတွေမှာ ရှာဖွေစစ်ဆေးနေပါတယ်။ ပုသိမ်မြို့က လူစည်ကားရာ နေရာတွေဖြစ်တဲ့ တဂေါင်းဘုရားလမ်းဆုံ၊ မိုးလေဝသလမ်းဆုံ၊ မြကျွန်းသာလမ်းဆုံ၊ ကွမ်းခြံလမ်းဆုံနဲ့ ကြိုးတံတားလမ်းဆုံတွေမှာ အလှည့်ကျ ပြုလုပ်နေတာဖြစ်ပြီး ညအချိန် သွားလာနေတဲ့ ဆိုင်ကယ်တွေမှာ တုတ် ဓား လက်နက်တွေ ဆောင်ပြီး သွားလာတာရှိမရှိ စစ်ဆေးနေတာလို့ ပုသိမ်မြို့မရဲစခန်းက ပြောပါတယ်။ “ညတိုင်း လုပ်ဆောင်သွားမှာပါ။ လူငယ်တွေ ညအချိန်မှာ တုတ်တပြက်၊ ဓားတပြက်နဲ့ ကျူးလွန်တဲ့ ပြစ်မှုတွေ ဒီဘက်မှာ မဖြစ်ပွားအောင်ပါ။ လက်ရှိအနေအထားကတော့ ကျူးလွန်တာ မရှိသေးပါဘူး။ တုတ် ဓား လက်နက်တွေ တွေ့ရင်တော့ အရေးယူသွားမှာပါ” လို့ ပုသိမ်မြို့မရဲစခန်းမှ ရဲအုပ်မြင့်ထွန်းနိုင်က ပြောပါတယ်။ စစ်ဆေးရာမှာ လက်နက်တွေကိုင်ဆောင်တာ စစ်ဆေးတွေ့ရှိခဲ့ရင်တော့ လက်နက်ဥပဒေပုဒ်မ ၁၉ (ဃ)၊ ၁၉ (င) စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့် အရေးယူသွားမယ်လို့ သိရပါတယ်။ ပုသိမ်မြို့မှာ ၂၀၁၇ ခုနှစ်အတွင်းကလည်း လူစည်ကားတဲ့ အပန်းဖြေရာနေရာ လမ်းဘေးတွေမှာ အရက်သေစာ ဝိုင်းဖွဲ့သောက်စားတဲ့ လူငယ် ၁၅၀ ကျော်ကို ဖမ်းဆီးတရားစွဲဆိုပြီး ငွေဒဏ်၊ ထောင်ဒဏ် ချမှတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - မြမင်းဦး
3 years Ago
More News
Up