လုံးသွယ်မွှေးဆန် အီးယူကို တင်ပို့ဖို့ စီစဉ်နေပါတယ် - ဒေါက်တာစိုးထွန်း

June 27, 2015

လုံးသွယ်မွှေးဆန် အီးယူကို တင်ပို့ဖို့ စီစဉ်နေပါတယ် - ဒေါက်တာစိုးထွန်း

ဥရောပသမဂ္ဂက မြန်မာနိုင်ငံထံကနေ ဆန်မွှေးအမျိုးအစား တင်သွင်းဖို့ လွန်ခဲ့တဲ့ သီတင်းပတ်က ရန်ကုန်မြို့မှာ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပါတယ်။ မြန်မာကို ၂၀၁၂ ခုနှစ်မှာ အခွန်အထူးသက်သာခွင့် (ဂျီအက်စ်ပီ) ပြန်ပေးတဲ့ ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံထံကနေ ဆန်အကျိုးအကျေ ၀ယ်ယူရာကနေ တန်ဖိုးမြင့် ဆန်မွှေးအမျိုးအစားကို တင်သွင်းဖို့ ဆွေးနွေးတာဖြစ်ပြီး လုံးသွယ်မွှေးနဲ့ ပေါ်ဆန်း ဆန်နှစ်မျိုးကို စိတ်ဝင်စားကြောင်း ပြသတယ်လို့ ဆိုပါတယ်။ ပေါ်ဆန်းကတော့ ပြည်တွင်းဈေးကွက်မှာ ပေါက်ဈေးအရ ကမ္ဘာ့နာမည်ကြီး ဂျက်စမင်လို ဆန်မျိုးကို ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်ဖွယ် မရှိတာကြောင့် လုံးသွယ်မွှေးဆန်ကို တင်ပို့ဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဘက်အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးဝင်ရောက်မှု ၁၁ ခုအနက် န၀မနေရာမှာ ရပ်တည်နေတဲ့ လယ်ယာကဏ္ဍ တိုးတက်လာအောင် အခြေခံအဆောက်အဦတွေ ဖြည့်ဆည်းပေးဖို့ ဆန်စပါးမူဝါဒနဲ့ အာမခံစနစ်တွေ လိုအပ်ပြီး နမူနာအဖြစ် နေပြည်တော်က ဧက ၅၀၀ စိုက်ခင်းကို သူက ညွှန်ပြပါတယ်။ ဒေါက်တာစိုးထွန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ ဇွန်လ ၁၇ ရက်နေ့က မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ ဥရောပသမဂ္ဂက ကိုယ်စားလှယ်တွေ ရန်ကုန်မြို့ ဆွေးနွေးပွဲမှာ မြန်မာ့ဆန်ပြည်ပတင်ပို့မှုနဲ့ ပတ်သက်လို့ ဘယ်လိုအရေးပါတဲ့ ကိစ္စတွေကို ပြောဖြစ်ကြသလဲ။ “ဒီလ ၁၇ ရက်နေ့က အီးယူမှာရှိတဲ့ Economics Division က တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကို တွေ့ဆုံခွင့်တောင်းတဲ့အတွက်ကြောင့်မို့လို့ တွေ့ဆုံဆွေးနွေးခဲ့တယ်။ ဘာကြောင့် ဒီလိုတွေ့ဆုံခွင့် တောင်းရသလဲဆိုရင်တော့ အဓိကကတော့ မနှစ်က ကျနော်တို့နိုင်ငံကို အီးယူက ဂျီအက်စ်ပီ (အထူး အခွန်ကင်းလွတ်ခွင့်) ပေးတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ဆီက ဆန်နဲ့ ဆန်ကွဲ အီးယူနိုင်ငံတွေကို တင်ပို့ခဲ့တာရှိတယ်ပေါ့နော်။ တင်ပို့ခဲ့တာကြောင့် ဗမာပြည်အနေနဲ့ လက်ရှိ အီးယူကို တင်ပို့နိုင်မှု အလားအလာနဲ့ ဗမာပြည်မှာ လက်ရှိသွားနေတဲ့၊ စိုက်ပျိုးနေတဲ့ ဆန်စပါးစိုက်ပျိုးရေးအခြေအနေနဲ့ တခြား ဘယ်နိုင်ငံတွေ ပြည်ပကို တင်ပို့နေလဲ၊ အခက်အခဲ ဘာရှိလဲ ဒါကို အီးယူက တွေ့ချင်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့နဲ့ တွေ့ဆုံဆွေးနွေးပွဲလည်း ဖြစ်ရခြင်းဖြစ်ပါတယ်။” အီးယူဘက်က တာဝန်ရှိသူတွေက အရင်တုန်းက မြန်မာဆန်အကျိုးအကြေတွေ ၀ယ်နေရာကနေ ဆန်ချော၊ rice-DVBဆန်မွှေးဘက်ကို ဥပမာ - လုံးသွယ်မွှေးတို့၊ ပေါ်ဆန်းတို့ ၀ယ်ယူဖို့ စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။ အဲဒီအခြေအနေကို ပြောပြပါ။ “ဟုတ်ကဲ့။ ကျနော်တို့ အခု အီးယူကိုသွားနေတာတော့ ဆန်ကွဲအဓိကပို့နေတာပေါ့၊ ဧည့်မထ ၂၅ မတ်ဆန်ကို ပို့နေတယ်။ သူက မေးတာက ကျနော်တို့အနေနဲ့ ဈေးကွက်ကို ဘယ်လိုဆန်မျိုးကို ပို့ရင်ဖြစ်နိုင်မလဲလို့ သူတို့ကို မေးတဲ့အခါ သူတို့အနေနဲ့ (Aromatic Rice) ခေါ်တာပေါ့နော်၊ အနံ့မွှေးတဲ့ ဆန်အမျိုးအစား ပို့နိုင်မလား ဆိုတော့ ကျနော်တို့ဆီမှာတော့ လက်ရှိတော့ ပေါ်ဆန်းမွှေးနဲ့ လုံးသွယ်မွှေးဆိုတာ ၂ မျိုးရှိတယ်ပေါ့နော်။ ဒါနဲ့ပတ်သက်ပြီး တင်ပို့နိုင်တဲ့အနေအထားလေးကို သူတို့ ဆွေးနွေးခဲ့တာပေါ့။ သူတို့ကတော့ စမ်းပို့တယ်ဆို ရင်တော့ သူတို့ရဲ့ ဥရောပဈေးကွက်မှာတော့ စိတ်ဝင်စားမှုများတယ်လို့ ဒါ ပြောတာပေါ့နော်။ ပေါ်ဆန်းမွှေးကတော့ ကျနော်တို့ လက်ရှိအနေအထားမှာ ပြည်တွင်းဆန်ဈေးကိုက မြင့်တဲ့အတွက်ကြောင့်မို့လို့ ဆန်တတန်ကို ဒေါ်လာ ၉၀၀၊ ၁၀၀၀ ဆိုရင် သူတို့ဝယ်နိုင်ဖို့ မလွယ်ပါဘူး။ လုံးသွယ်မွှေးကတော့ နည်းနည်းဖြစ်နိုင်ခြေရှိတာကြောင့် လုံးသွယ်မွှေးကိုတော့ ကျနော်တို့ စမ်းပို့ဖို့ စီစဉ်နေကြတာဖြစ်ပါတယ်။” အကယ်လို့ ပြည်ပက ဒီအမျိုးအစားဆန်တွေကို အလိုရှိလို့ လိုသလောက် မှာယူတဲ့အခါ မြန်မာ့လယ်ယာကဏ္ဍက လိုအပ်ချက်ကို  ဖြည့်ဆည်းပေးနိုင်တဲ့ အနေအထားရှိလား။ “ပေါ်ဆန်းမွှေးကတော့ လက်ရှိအနေအထားမှာ ပြည်တွင်း လိုအပ်ချက် မြင့်မားတဲ့ အတွက်ကြောင့်မို့လို့ ပြည်ပတင်ပို့မှုတော့ တွက်ခြေမကိုက်နိုင်ပါဘူး။ ခုနရှင်းပြသလို ပို့မယ်ဆိုလည်း တတန်ကို ၉၀၀၊ ၁၀၀၀ လောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြည်ပမှာ ဂျပ်စမင် ဆန်က တတန်ကို ၇၀၀ လောက်နဲ့ ၀ယ်လို့ရတဲ့အချိန်မှာ ဈေးကွက်ယှဉ်ပြိုင်နိုင်မှု အခက်အခဲရှိတာပေါ့နော်။ ကျနော်တို့အနေနဲ့ ပေါ်ဆန်းမွှေးကို ပြည်တွင်းမှာ ပေါပေါများများထွက်လာအောင် ဆောင်ရွက်ပေးနိုင်မယ်၊ နည်းပညာတိုးတက်အောင် ဆောင်ရွက်ပေးနိုင်မယ်ဆိုရင်တော့ ဖြစ်လာနိုင်ခြေရှိပါတယ်။ လောလောဆယ် အခြေအနေကတော့ အများကြီးတင်ပို့နိုင်ဖို့ မရှိပါဘူး။” ဆရာတို့ မနှစ်က အီးယူကို တန်ချိန် ၁ သိန်းဝန်းကျင် တင်ပို့ခဲ့တယ်။ ဒီနှစ် တန်ချိန် ၂ သိန်းတင်ပို့ဖို့ လျာထားချက်က  ဆန်စပါးထွက်ရှိမှု အခြေအနေအရ ပြည့်မီမလား။ “မနှစ်က ကျနော်တို့ ဆန်တင်ပို့ခဲ့တာကတော့ အားလုံး ၁ ဒသမ ၈၃ သန်း တင်ပို့ခဲ့တာပေါ့နော်။ အီးယူမှာ တန်ချိန် ၁ သိန်းလောက်ပို့တယ်။ အများစု ၈၀ ရာခိုင်နှုန်းက တရုတ်ပြည် ပို့ခဲ့တယ်ပေါ့နော်။ ဒီနှစ်ကတော့ အီးယူကို တင်ပို့တာကတော့ အနည်းဆုံးတန်ချိန် ၂ သိန်းလောက် တိုးချဲ့တင်ပို့ဖို့ မှန်းပါတယ်။ လက်ရှိအနေအထားအရလည်း ကျနော်တို့ဆီမှာ ဆန်စပါးလက်ကျန် အနေအထားရှိပါတယ်။ ကျနော်တို့က အီးယူဈေးကွက်က ဈေးပိုရတဲ့အတွက်ကြောင့်မို့ အီးယူကို တင်ပို့လိုက်လို့ တရုတ်ပြည်က လျော့ရင် လျော့သွားနိုင်တာပေါ့နော်။ ဒါကလည်း ကျနော်တို့အနေနဲ့ ဈေးပိုရတဲ့တိုင်းပြည်ကို ဦးစားပေးတင်ပို့မှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီနှစ်တန်ချိန် ၂ သိန်းလောက် တင်ပို့နိုင်လိမ့်မယ်လို့ မြင်ပါတယ်။” တရုတ်နိုင်ငံကို နယ်စပ်လမ်းကြောင်းကနေ ပို့နေရာကနေ ပြီးခဲ့တဲ့လက အစိုးရချင်း ဆက်သွယ်ပြီး ပထမဆုံး တရားဝင် တင်ပို့တဲ့စနစ်နဲ့ သွားနေပြီမဟုတ်လား။ အဲဒီတင်ပို့မှုအခြေအနေမှာ ကြုံရတဲ့အခက်အခဲ၊ လည်ပတ်မှုအခြေအနေတွေ ပြောပြပါ။ “ကျနော်တို့က တရားဝင်တင်ပို့ဖို့တော့ တရုတ်နဲ့ တန်ချိန် ၁ သိန်း အမ်အိုယူ (နားလည်မှုစာချွန်လွှာ) ထိုးထားတယ်။ သို့သော်လည်းပဲ တရားဝင်တင်ပို့တဲ့အဆင့်တော့ မရောက်သေးဘူး။ ပထမအဆင့် တန်ချိန် ၃၀၀၀ တင်ပို့ဖို့ ကြိုးစားနေပါတယ်။ ဒါကတော့ လာမယ့် ဇူလိုင်လလောက်မှ တင်ပို့နိုင်မှာဖြစ်ပါတယ်။ အဓိက အခက်အခဲတခုအနေနဲ့ မြန်မာနိုင်ငံမှာ တရုတ်ရဲ့အရည်အသွေးစစ်ဆေးရေးကုမ္ပဏီ CCNC ရဲ့ ရုံးခွဲမရှိတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က ဘန်ကောက်မှာရှိတဲ့ ရုံးခွဲကို အကြောင်းကြားပြီး သူတို့အနေနဲ့ လာစစ်ပြီးတော့မှ သက်ဆိုင်ရာ လိုအပ်တဲ့ Certificate ထုတ်ပေးမှ တရုတ်နိုင်ငံကို တင်ပို့နိုင်မှာဖြစ်တယ်ပေါ့နော်။ အဲဒီတော့ လောလောဆယ် ဒီရုံးခွဲမရှိတဲ့ဟာက ကျနော်တို့အတွက် အဓိကအခက်အခဲတခုအနေနဲ့ ရှိနေပါတယ်။ နယ်စပ် (တရုတ်နယ်စပ်) တကြောကတော့ ပုံမှန်တင်ပို့နေတယ်ပေါ့။ “ဟုတ်ပါတယ်။ အဲဒီဟာကတော့ ပုံမှန်အတိုင်း သွားနေပါတယ်။” နောက်တခုပေါ့လေ၊ ဆန်စပါးကဏ္ဍအပါအ၀င် စိုက်ပျိုးရေးကဏ္ဍမှာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ နည်းတယ်။ အဲဒါက စွန့်စားရတဲ့ အဖိုးအခ ကြီးမြင့်လို့လား၊ တခြားကဏ္ဍတွေလောက် အမြတ်အစွန်းမပေါ်လို့လား။ ဘာကြောင့်လဲ။ “နံပါတ် ၁ အချက်ကတော့ သူက Risk (စွန့်စားရမှု) များတယ်ပေါ့နော်။ ဆုံးရှုံးနိုင်မှု ပမာဏ များတာပေါ့နော်။ ဘာကြောင့်လဲဆို ကျန်တဲ့လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံရင်၊ ဥပမာ ဟိုတယ်မှာ မြှုပ်နှံတယ်ဆိုရင် ဟိုတယ်ဆောက်ပြီးတော့ လူမ၀င်ဘူးဆိုတာတောင်မှ ဒီဟိုတယ်ကြီးက ပိုင်နေတာပေါ့နော်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍကျတော့ ရင်းနှီးမြှုပ်နှံလိုက်လို့ ရာသီဥတု ဖောက်ပြန်လည်း (သို့မဟုတ်) သူက ရေကြီး၊ ရေလွှမ်းမိုးမှုဖြစ်တယ်၊ ပိုးကျတယ်ဆိုရင် ကျနော်တို့က တခါတည်း Zero Setting (ဒုံရင်းအခြေအနေ) ဖြစ်သွားတာပေါ့နော်။ အဲတော့ ခုန နံပါတ် ၁ အချက်က ကျနော်တို့ တိုင်းပြည်မှာ Infrastructure (အခြေခံအဆောက်အဦ) အပြည့်အစုံ အာမခံစနစ်မရှိတဲ့အတွက်ကြောင့် သူတို့အတွက် ဆုံးရှုံးနိုင်ခြေ များတဲ့အတွက်ကြောင့် လယ်ယာကဏ္ဍ ရင်းနှီးမြှုပ်နှံမှုက အခု အစိုးရသစ်သက်တမ်း ၄ နှစ်မှာလည်း ၀ ဒသမ ၅ ရာခိုင်နှုန်းထက် မတက်လာတဲ့ အနေအထား ရှိတာပေါ့နော်။ လယ်ယာကဏ္ဍမှာ အဓိက ငွေကြေးရင်းနှီး (Finance) နဲ့ ပတ်သက်ပြီးတော့မှ လိုအပ်ချက်ကြီးမားနေတဲ့ ပမာဏ ဖြစ်နေတာပေါ့။” ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာအောင် မူဝါဒပိုင်းဆိုင်ရာ၊ ဥပဒေပိုင်းဆိုင်ရာ ဖြည့်ဆည်းပေးဖို့ လိုအပ်တာတွေရော မြင်တွေ့တာရှိလား။ “ဟုတ်ကဲ့၊ မူဝါဒအနေနဲ့ဆိုရင်တော့လည်း လက်ရှိတိုင်းပြည်မှာတော့ ဆန်စပါးမူဝါဒဆိုတာ မရှိသေးဘူးပေါ့နော်။ ဆန်စပါးမူဝါဒဆိုတာ ရေးဆွဲဖို့လိုမယ်။ နောက်တချက်က ခုနပြောတဲ့ အာမခံစနစ်တွေပေါ့နော် သီးနှံအာမခံစနစ်တို့၊ မိုးရေချိန်အာမခံစနစ်တို့ ဒါတွေ ပေါ်ထွန်းလာဖို့ လိုတယ်။ နောက်ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်း အနေနဲ့လည်း လယ်ယာကဏ္ဍနဲ့ ပတ်သက်ပြီးတော့မှ ငွေချေးငှားရင်းနှီးမြှုပ်နှံနိုင်အောင် အခြေအနေတွေ ဖန်တီးပေးဖို့လိုတယ်လို့ ကျနော်တို့ မြင်တာပေါ့နော်။” နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံ ၃၄ နိုင်ငံပါဝင်တဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OECD) နဲ့ မြန်မာနဲ့ စိုက်ပျိုးရေးကဏ္ဍမှာ မူဘောင်ရေးဆွဲဖို့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အဲဒီအခြေအနေကို သိရသလောက် ပြောပြပါလား။ dv2“အဲဒါ ကျနော်တို့ဆီမှာ ပြီးခဲ့တဲ့လကတော့ ဆီဒိုးနားဟိုတယ်မှာ အလုပ်ရုံဆွေးနွေးပွဲ လုပ်သွားတယ်ပေါ့နော်။ သူတို့လည်း အစီရင်ခံစာတွေ ရေးတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ဆီလာတွေ့တော့ ကျနော်တို့ သိနိုင်သမျှထည့်ပေးတယ်။ အဲဒီအပြင်ကို ဒါပြီးခဲ့တဲ့လမှာတော့ အလုပ်ရုံဆွေးနွေးပွဲလုပ်တော့ ကျနော်တို့လည်း တက်ရောက်ခဲ့တာပေါ့နော်။ ခုန Sector တွေမှာ အစုံဖိတ်ကြားပြီးတော့မှ သူတို့ရဲ့ ဒီပြဿ  နာတွေကို  Prioritise (ဦးစားပေးအဆင့်သတ်မှတ်) လုပ်တာပေါ့နော်။ ကျနော်က ကျနော် ဘာမြင်လဲ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေအနေနဲ့ သူတို့ ဘာမြင်လဲ။ တင်တဲ့ဟာတွေ၊ ပြဿ နာတွေကို ဦးစားပေးအဆင့် သတ်မှတ်လုပ်ပြီးတော့မှ ဦးစားပေးစီစဉ်ဖို့ ဒါလေးတော့ သူတို့အနေနဲ့ နောက်ဆုံး Report ပေါ့ Recommendation တော့ ထွက်သွားတာပေါ့။ ဒါပေမယ့် ကျနော်တို့ မြင်တာကတော့ ဒီ OECD ပဲဖြစ်ဖြစ်၊ ကျန်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေပဲဖြစ်ဖြစ် အဓိကကတော့ ပေါများလာတဲ့ ဆွေးနွေးပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ၊ နောက်ဆုံး Report အစီရင်ခံစာ တွေတော့ များတာပေါ့နော်။ သို့သော်လည်း လက်တွေ့အကောင်အထည်ဖော်မှု အားနည်းနေတာ ကျနော်တို့မြင်တယ်။ ကျနော် အစည်းအဝေးပွဲမှာလည်း အဲလိုပဲ ပြောပြတယ်ပေါ့နော်။” OECD တာဝန်ရှိသူတွေရဲ့ ပြောစကားက မြန်မာနိုင်ငံမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်မှုအားနည်းတာက နံပါတ် ၁ က နိုင်ငံခြားသား မြေယာပိုင်ဆိုင်ခွင့်နဲ့ ကန်ထရိုက်လယ်ယာစနစ်အတွက် တရားဝင်မူဘောင်တွေ ပေါ်ထွက်လာရေးလို့ ထောက်ပြတယ်။ အဲဒီအပေါ် သဘောတူလား။ “ကျနော်ကတော့ နိုင်ငံခြားသားမြေယာပိုင်ဆိုင်ခွင့်ဆိုတာ သဘောမတူပါဘူး။ OECD မှာ ကျနော်တို့ဆွေးနွေးတဲ့နေရာမှာ ဒါကို ထောက်ပြပါတယ်။ နိုင်ငံခြားသား မြေယာပိုင်ဆိုင်ခွင့်ပေးတဲ့ဟာကိုတော့ ကျနော်တို့က လက်မခံဘူးပေါ့နော်။ ဒါက အကျိုးတူလယ်ယာစနစ် (Contract Farming) ဆိုတဲ့ သဘောသဘာဝကို နားမလည်သေးတဲ့ အပိုင်းရှိမယ်လို့ ကျနော်မြင်တာပေါ့နော်။ အကျိုးတူလယ်ယာစနစ် (Contract Farming) ဆိုတာကတော့ လယ်သမားက မြေပိုင်မယ်၊ လုပ်အားရှိမယ်၊ သက်ဆိုင်ရာ Provider (ပံ့ပိုးပေးသူ) ကုမ္ပဏီတွေပေါ့နော် သူတို့တွေအနေနဲ့ကျတော့ သူတို့မှာငွေရှိမယ်၊ အရင်းအနှီးရှိမယ်၊ နည်းပညာရှိမယ်၊ ဈေးကွက်ရှိမယ်။ သူတို့နှစ်ယောက် ပူးပေါင်းတာပေါ့၊ စာချုပ်ချုပ်မယ်၊ လုပ်တဲ့အတွက်ကြောင့်မို့ ဒီနှစ်ခုပူးပေါင်းပြီးတော့မှ ထွက်လာတဲ့ဟာကို အကျိုးအမြတ်ကို ခွဲယူမယ်ပေါ့။ ဥပမာ- ကုမ္ပဏီကနေပြီးတော့ ငွေထုတ်ပေးမယ်။ မျိုးထုတ်ပေးမယ်။ နည်းပညာပေးမယ်။ ပြန်ထွက်လာတဲ့ဟာကို ဈေးနှုန်းတခုသတ်မှတ်ပြီး စာချုပ်ချုပ်ပြီး ၀ယ်မယ်၊ ၀ယ်ပြီးတော့မှ ပြည်ပကို ဈေးကွက်ကို တင်ပို့မယ်။ အဲလိုမျိုးပုံစံ Contract Farming (အကျိုးတူလယ်ယာစနစ်) ပေါ့နော်။ အဲဒီတော့ ခုန မြေယာပိုင်ဆိုင်ခွင့်နဲ့တော့ ကျနော်တို့မြင်တာတော့ သက်ဆိုင်မှုမရှိပါဘူး။ ဒါက မြန်မာနိုင်ငံမှ မဟုတ်ပါဘူး၊ ဘယ်နိုင်ငံဖြစ်ဖြစ် ဒီအတိုင်းပါပဲ။ ကျနော်တို့ မဲခေါင်အင်စတီကျုမှာလည်း ဒါနဲ့ Contract Farming နဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့လမှာ ကျနော်တို့အနေနဲ့ ဒါ အလုပ်ရုံဆွေးနွေးပွဲ Workshop တက်ခဲ့ပါတယ်။ ဒီမှာလည်း ဒီလိုပဲ ရည်ညွှန်းပါတယ်။” ဒီနှစ်မတ်လလယ်ပိုင်းလောက်တုန်းက စိုက်ပျိုးရေးဒု-၀န်ကြီး ဦးအုန်းသန်းက မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နိမ့်ကျတာဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ မြေယာစီမံခန့်ခွဲမှု ဥပဒေအကြားမှာ ခွင့်ပြုတဲ့ နှစ် ၃၀၊ နှစ် ၅၀ လို ကွာဟမှုတွေ ရှိတယ်လို့ ထောက်ပြပါတယ်။ ဒီလို ရှေ့နောက်မညီမှုကို ပြင်လိုက်ပြီလား။ ဒီကွာဟမှုကို ဘယ်လိုမြင်လဲ။ “လောလောဆယ်တော့ မပြင်ရသေးပါဘူး။ အမှန်တော့ ဥပဒေအရတော့ မူလတုန်းကတော့ ခုနပြောတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေက နှစ် ၃၀ ပဲ ခွင့်ပြုခဲ့တာပေါ့။ ဒီတော့ မြေယာစီမံခန့်ခွဲမှု ဥပဒေမှာ နှစ် ၃၀ ဆိုပြီး ပါတာပေါ့။ ငှားရမ်းခွင့်ပြုတာ၊ အခုကတော့ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြင်ဆင်ချက်ထုတ်လိုက်တာပေါ့။ အဲဒီချိန်မှာ ခုန မြေယာစီမံခန့်ခွဲမှု ဥပဒေက ပြင်ဆင်ချက် မထုတ်ရသေးဘူး။ အဲတော့ အဲလိုကွာဟချက်ဖြစ်သွားတာက တပိုင်းပေါ့။ သို့သော်လည်းပဲ ခုန ကျနော်ပြောသလို ဒီဥပဒေတင်မကပါဘူး ကျနော်ရှင်းပြသလိုပဲ ဥပဒေတခု ပြင်လိုက်တာနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လာမလားဆိုတော့ အဲလိုလည်း မဟုတ်ပါဘူး။ အဓိကက ကျနော်တို့တိုင်းပြည်မှာ အခြေခံအဆောက်အဦခေါ်တဲ့ (infrastructure) ပေါ့နော်၊ ဒါတွေ မပြည့်စုံမှုက အဓိကပါပဲ။ ဒါတွေကို ပြည့်စုံအောင် ဆောင်ရွက်ခြင်း မရှိရင်တော့လည်း ရင်းနှီးမြှုပ်နှံမယ့်သူတွေ လာဖို့တော့ ကျနော်တို့ မမြင်ဘူး။” “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မလာဘူးဆိုတော့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုရော ရှိလားဆိုတော့ ပြည်တွင်းကလူတွေလည်း ဘယ်သူမှ မသွားဘူးပေါ့။ ဘာလို့မသွားလဲ။ ပြည်ပကတော့ ခုနပြောတဲ့ နှစ် ၃၀ တွေ၊ ၅၀ တွေ ကွာလို့ဆိုတော့ ဒါဆိုရင် ကျနော်တို့ ပြန်ပြီး မေးခွန်းထုတ်စရာရှိတာပေါ့။ ပြည်တွင်းကကောင်တွေ ပိုင်ဆိုင်ခွင့်လည်း ရှိတာပဲနော်၊ မြေယာပိုင်ဆိုင်ခွင့်လည်းရှိတယ်။ ရာသက်ပန်တောင်မှ လုပ်ခွင့်ရှိတဲ့သူတွေလည်း ဘာကြောင့် မလုပ်ကြသလဲပေါ့။ အခုနပြောတဲ့ အခြေခံအဆောက်အဦတွေ အားနည်းတဲ့အတွက်ကြောင့်မို့လို့ Risk များတယ်၊ ဆုံးရှုံးနိုင်မှု ပမာဏများတယ်၊ အဲဒီအတွက် အာမခံစနစ်မရှိဘူး။ အခုမှ ကျနော်တို့ ပြီးခဲ့တဲ့နှစ်တွေမှာ ကြည့်လိုက်ရင် ရေကြီးနစ်မြုပ်မှု ရှိခဲ့တယ်ပေါ့နော်။ ၂၀၁၂ တုန်းက ကြီးကျယ်ခဲ့တယ်။ ဧက ၃ သိန်းလောက် နစ်မြုပ်တယ်။ အဲဒီအချိန်မှာ နိုင်ငံတော်အနေနဲ့ ပံ့ပိုးတာကတော့ မျိုးစပါး ၁ တင်းပေါ့ ၁ ဧကကို။ မြန်မာငွေ ကျပ် ၅၅၀၀ ပံ့ပိုးတယ်။ နိုင်ငံတော်သမ္မတကြီး ခရီးစဉ်သွားခဲ့တယ် အဲဒီတုန်းက၊ အဲဒီတုန်းက မျိုးစပါး ၁ တင်း ပံ့ပိုးခဲ့တယ် ၁ ဧကကို။ အဲဒီတော့ ရေနစ်မြုပ်ဆုံးရှုံးမှုက တဧကကို ၂ သိန်းလောက် ရှိတယ်ဆိုပါစို့။ ပံ့ပိုးတာက ၅၅၀၀ ဆိုတော့ ကျန်တဲ့ သိန်း ၁၉၄၅၀၀ က lost ဆုံးရှုံးသွားတာပေါ့။ ဒါကို ဘယ်သူကလာပေးမလဲပေါ့။ အဲဒီပြဿ နာက အခြေခံအချက်အလက်ပဲ။ လယ်သမားက လောလောဆယ်ခံရတာပေါ့နော်။ ဒီဆုံးရှုံးမှုရှိသွားလို့ စိုက်ဘဏ်ကချေးတဲ့ ပိုက်ဆံ ၂ သိန်းလည်း လျော်ပေးတာ မရှိဘူးပေါ့။ နောက် ပြင်ပက ကြွေးချေးထားတဲ့ငွေ ဘယ်သူမှ မဆပ်ပေးဘူးပေါ့။ တခြားနိုင်ငံတွေမှာတော့ ဒီလိုဆုံးရှုံးမှုရှိခဲ့တယ်ဆိုရင်  Disaster Fund (သဘာဝဘေးအန္တရာယ်ရန်ပုံငွေ) က အပြည့်အ၀လျော်ကြေးပေးဖို့ အာမခံပေးတယ်လေ။ ဘယ်တိုင်းပြည်ဖြစ်ဖြစ်ပါပဲ။ အဲတော့ ဒါက ဥပမာတခုပေါ့။ အဲဒီတော့ ပြည်တွင်းမှာရှိတဲ့လူတွေလည်း ဘယ်သူမှ ရင်းနှီးမြှုပ်နှံမှု မလုပ်ကြဘူး။” လယ်သမားတွေ ကိုယ်နှိုက်မှာလည်း တချို့ဆိုရင် စိုက်ပျိုးစရိတ်ချေးငွေ ပေးလိုက်ရင် သုံးပစ်လိုက်တာမျိုး၊ လောင်းကစားလုပ်တာမျိုး တွေ့ရကြားသိရတယ်လေ။ မညှာမတာဝေဖန်ရင် လယ်သမား၊ ကုန်သည်၊ အစိုးရတွေအနေနဲ့ ဘယ်လိုအားစိုက်လုပ်ပိုင်ရင် တိုးတက်မယ်လို့ မြင်လဲ။ “ကျနော်တို့က လိုအပ်ချက်အနေနဲ့ ပြောရင်တော့လည်း အချက်အလက်အများကြီး လိုတာပေါ့။ Riceတိုးတက်တဲ့လယ်ယာကို မြန်မာပြည်မှာ နမူနာပြစရာရှိတာကို ကျနော့်ကိုမေးရင်တော့ နေပြည်တော်မှာရှိတဲ့ ဧက ၅၀၀ စိုက်ကွင်းကို ပြရမှာပေါ့။ အဲဒီပုံစံအတိုင်း တနိုင်ငံလုံးလုပ်ပေးနိုင်ရင် တိုးတက်တယ်လေ။ သူက ဇုန်ကွန်ကရစ်လမ်းတွေရှိတယ်။ ကုန်ထုတ်လမ်းတွေ ရှိတယ်။ ရေမြောင်းတွေအကုန်လုံးက ကွန်ကရစ်မြောင်းတွေလုပ်တယ်။ လျှပ်စစ်မီးရောက်ရင် ရေတင်တဲ့အခါ လျှပ်စစ်မီးနဲ့ တင်လို့ရမယ်။ မြေညှိတာလည်း လေဆာနဲ့ညှိပေးတာရှိတယ်။ နောက်ပြီး စက်ပစ္စည်းကိရိယာဆိုလည်း ထွန်စက်ငှားမလား၊ ခြွေလှေ့ရိတ်သိမ်းစက်ငှားမလား။ လယ်တဧကကို ၂ သိန်း ကြိုတင်ထုတ်ပေးတယ် Contract Farming နဲ့။ ထွက်လာတဲ့စပါးကို ၄ သိန်းနဲ့ ပြန်ဝယ်တယ်။ စိုက်ပျိုးရေးပညာရှင်တွေကလည်း အနားမှာ ခေါ်လို့ရတယ်။ ၀န်ကြီးတို့ သမ္မတတို့ကလည်း အမြဲတမ်းသွားကြည့်ပေးတယ်ပေါ့နော်။ အဲဒီလိုအနေအထားမျိုး ဧက ၅၀၀ မျိုး ကျနော်တို့ ဗမာနိုင်ငံ တနိုင်ငံလုံးမှာရှိတဲ့ လယ်တွေကို ဆောင်ရွက်ပေးနိုင်ရင်တော့ တိုးတက်မယ်လို့ မြင်ပါတယ်။ တခြား ဘာတွေများ ထပ်မံပြောကြားဖို့ ရှိဦးမလဲခင်ဗျ။ “ကျနော်ပြောတာက လိုအပ်ချက်က အများကြီး။ ခုန မေးခွန်းမှာပါတဲ့ လယ်သမားတွေက ပိုက်ဆံပေးလိုက်ရင် တခြားနေရာမှာ သုံးတယ်ဆိုတာ ဒါကြောင့်မို့ကျနော်ပြောတာလေ။ ဥပမာ လယ်သမားတယောက်ဆိုပါစို့၊ စိုက်ပျိုးစရိတ်ချေးငွေ ၁၀ သိန်းထုတ်ပေးလိုက်တယ်။ အဲဒီအချိန်မှာ သူ့မိန်းမ ဆေးရုံတက်လို့၊ ကလေးမွေးရမယ်၊ ပိုက်ဆံကုန်ရင် ၃ သိန်းခွဲ၊ ၄ သိန်းကုန်ရင် ဆရာ အဲဒီပိုက်ဆံကို လယ်စိုက်ဖို့ သိမ်းထားမလား၊ ထုတ်သုံးမလား။ လောလောဆယ် ထုတ်သုံးလိုက်ရမှာ ဟုတ်တယ်မဟုတ်လား။ အဲဒီတော့ သူ့မှာ ကျန်းမာရေး စနစ်အရ ထိုင်းနိုင်ငံမှာလို ဘတ် ၃၀ နဲ့ ဆေးရုံတက်လို့မရဘူး။ အဲဒီအချိန်မှာ ကလေးအနေနဲ့ ဆယ်တန်းအောင်လို့ တက္ကသိုလ်သွားမယ်၊ ပိုက်ဆံလိုတယ်ဆိုရင် သုံးမှာပဲ အဲဒါ ဆရာမေးတဲ့ ပြောတဲ့ပြဿ    နာတွေပဲ။ အဲဒီတော့ သူပြောတော့ စိုက်စရိတ်ချေးငွေပဲ။ သူ့ဆီက ထွက်ပေါက်က ဒီတခုပဲရှိတယ်လေ။ ဒီတော့ ဒီရတဲ့ပိုက်ဆံလေးကိုပဲ အရေးပေါ်တဲ့ဟာ အရင်သုံးလိုက်တယ်။ စိုက်တာ မစိုက်တာက နောက်မှ စဉ်းစားမယ်၊ လောလောဆယ် ပြဿ   နာကို အရင်ရှင်းတယ်။ အဲဒီတော့ လိုအပ်ချက်ဆိုတာ အချက်အလက်အများကြီးပဲ။ စိုက်ပျိုးစရိတ်ကြီးကိုပဲ သွားတိုးတက်အောင် လုပ်လို့မရဘူး။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး အကုန်လုံးကို ခြုံငုံစဉ်းစားမှပဲ အောင်မြင်မယ်လို့ မြင်တာပေါ့နော်။ အဲလိုမဟုတ်ဘဲ မစို့မပို့ သွားလုပ်ပေးတယ်၊ ပိုက်ဆံလေး ချေးလိုက်လို့ အောင်မြင်မလားဆိုတော့ ဒီလိုပဲ သံသရာလည်နေမှာပေါ့ တသက်လုံးက။” ဗမာပြည်မှာ နေပြည်တော်မှာရှိတဲ့ ဧက ၅၀၀ စိုက်ခင်းက တော်တော် အောင်မြင်တယ်နော်။ “အင်း အဲဒီပုံစံအတိုင်း ဘာအောင်မြင်အောင်လုပ်မလဲ၊ အဲဒီအတိုင်းပါပဲ။ အဲဒီပုံစံမျိုး တနိုင်ငံလုံးဖြစ်အောင် လုပ်ပေးပါ။ ချင်းပြည်နယ်ကလူလည်း တောင်းဆိုမှာပဲ။ ကရင်ကလူလည်း တောင်းဆိုမှာပဲ။ ရှမ်းပြည်နယ်က လူလည်း တောင်းဆိုမှာပဲ။ အဲလိုလုပ်ပေးနိုင်ရင်တော့ တနိုင်ငံလုံးတိုးတက်ပြီ၊ ဒါပဲ။ အလုပ်ရုံဆွေးနွေးပွဲ လုပ်ရင် ပိုက်ဆံကုန်တယ်၊ လုပ်စရာမလိုဘူး။"
6 years Ago
Up