လုံးခင်းကျေးရွာအုပ်စု

December 13, 2020

ကိုဗစ်-၁၉ ကူးစက်နှုန်း မြင့်လာသဖြင့် လုံးခင်းကျေးရွာအုပ်စုကို Lockdown ချ

ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၃၀ အထိရှိလာပြီး ကူးစက်မှုနှုန်းမြင့်တက်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုကို ဒီနေ့ကစပြီး Lockdown  ချလိုက်တယ်လို့ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်မှုကော်မတီက သိရပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမြင့်တက်နေတဲ့ လုံးခင်းကျေးရွာအုပ်စု ရပ်ကွက်နဲ့ ကျေးရွာအချို့က နေရာတွေကို အသွားအလာကန့်သတ်သွားမှာ ဖြစ်ပါတယ်။ လုံးခင်းကျေးရွာအုပ်စုဟာ နိုဝင်ဘာ ၂၂ ရက်နေ့ကနေ ဒီဇင်ဘာ ၁၂ ရက်နေ့အထိ သုံးပတ်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၃၀ ထိရှိနေပြီး ဖားကန့်မြို့နယ်မှာ ကူးစက်ခံရသူ အများဆုံး ကျေးရွာလည်း  ဖြစ်ပါတယ်။ အသွားအလာကန့်သတ်ပြီး လော့ဒေါင်းချထားတဲ့နေရာတွေကို မြို့နယ် ကိုဗစ်-၁၉ ကော်မတီနဲ့ ရဲတပ်ဖွဲ့ ရဲတပ်ရင်း၊ ကျန်းမာရေးဝန်ထမ်း၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ၊ စေတနာ့ဝန်ထမ်းတွေ အပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ ဖားကန့်မြို့နယ်အတွင်းမှာ စက်တင်ဘာလကစပြီး ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။ မြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ကူး စက်ခံရသူပေါင်း ဒီဇင်ဘာ ၁၂ ရက်နေ့အထိ ၂၅၉ ဦးရှိသွားပြီလို့ ကော်မတီက ထုတ်ပြန်ထားပါတယ်။ သတင်း - ဇော်မိုးထက် (ဖားကန့်)
1 year Ago
Up