လုံလောက်သည့်မဲမရရှိ

March 24, 2017

အိုဘားမား ကျန်းမာရေးအစီစဉ်ကို ထရမ့်ကျန်းမာရေးအစီစဉ် အစားထိုးမှု လုံလောက်သည့်မဲမရရှိ

သမ္မတဟောင်း အိုဘားမားရဲ့ “Obamacare” ကျန်းမာရေးအစီအစဉ်ကို သမ္မတသစ်ထရမ့်ရဲ့ ကျန်းမာရေးအစီအစဉ်သစ်နဲ့ အစားထိုးမဲ့ကိစ္စအပေါ် လုံလောက်တဲ့ ထောက်ခံမဲ မရသေးဘူးလို့ Conservative House Freedom Caucus အကြီးအကဲ မာက့်မဲဒိုးစ် က မတ်လ ၂၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။ အဲဒီဥပဒေကို “ရီပတ်ဘလစ်ကန် အမေရိကန် ကျန်းမာရေးစောင့်ရှောက်မှု အက်ဥပဒေ” လို့ အမည်ပေးထားပြီး မတ်လ၂၃ ရက်နေ့က အောက်လွှတ်တော်မှာ မဲခွဲခဲ့ပေမယ့် လုံလောက်တဲ့ ထောက်ခံမဲ မရခဲ့ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး မေရီလန်းပြည်နယ် ရီပတ်ဘလစ်ကန်အမတ် အန်ဒီဟဲရစ်က “ကျနော်တို့ အစည်းအဝေးထိုင်ပါမယ်။ သမ္မတ ထရမ့်ဟာ လူတော်တစ်ယောက်ဖြစ်ပါတယ်။ ကျနော်တို့မှာ အလွန်ကောင်းတဲ့ တွေ့ဆုံမှုတစ်ခုလည်း ရှိခဲ့ပါတယ်။ နောက်တစ်ကြိမ်ထပ်ပြီး ဆွေးနွေးပါဦးမယ်”လို့ အရင်ဆုံး ရှင်းပြခဲ့ပါတယ်။ Caucus အကြီးအကဲဖြစ်တဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ရီပတ်ဘလစ်ကန်အမတ် မာက့်မဲဒိုးစ်ကတော့ “ထောက်ခံမဲ အလုံအလောက်ရဖို့ ကျနော်တို့ အစွမ်းကုန်ကြိုးစားမှာပါ။  ကျိုးကြောင်းဆီလျော်တဲ့ တောင်းဆိုမှုတွေ ကျနော်တို့ လုပ်ခဲ့ပါတယ်။ အဲဒီတောင်းဆိုမှုတွေကို နားထောင်ပြီး နောက်ဆုံးမှာတော့ ကံကောင်းစွာနဲ့ သဘောတူညီမှု ရလိမ့်မယ်လို့ မျော်လင့်ပါတယ်”လို့ ရှင်းပြသွားပါတယ်။ ဒီနောက်ဆက်ပြီး သူက “ဒီနေ့ မွန်းလွဲ ၁ နာရီခွဲက မဲခွဲတဲ့အခါ လုံလောက်တဲ့ ထောက်ခံမဲ မရခဲ့ပါဘူး။ ကျနော်တို့ထပ်ပြီး ညှိနှိုင်းပါဦးမယ်။ ည ၇ နာရီမတိုင်ခင် ထောက်ခံမဲ အလုံအလောက်ရမယ်လို့ မျော်လင့်ပါတယ်”လို့ ရှင်းပြသွားပါတယ်။ လွှတ်တော် အဆောက်အဦ အပြင်ဘက်မှာတော့ အမေရိကန်ပြည်သူတချို့ ကန့်ကွက်ဆန္ဒပြခဲ့တာကြောင့် ၂၄ ဦး အဖမ်းခံခဲ့ရတယ်လို့ ဆန္ဒပြပွဲစီစဉ်သူတွေက ပြောပါတယ်။ အခုအဖမ်းခံရသူ ၂၄ ဦးဟာ “Obamacare” ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုရနေတဲ့ အမေရိကန်ပြည်သူ ၂၄ သန်းကို ကိုယ်စားပြုတယ်လို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။ အခု နောက်ဆုံးရရှိတဲ့ သတင်းတွေအရ မတ်လ ၂၃ ရက်နေ့က မဲခွဲမှုအဆင်မပြေတဲ့အတွက် မတ်လ ၂၄ ရက် သောကြာနေ့မှာ “Obamacare” ကို ဖျက်သိမ်း မသိမ်း ထပ်မံ ဆွေးနွေးမယ်လို့ အောက်လွှတ်တော် ရီပတ်ဘလစ်ကန်အမတ် ကယ်ဗင်မက်ကာသီ က ပြောဆိုကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up