လုံခြံရေးတပ်ဖွဲ့

January 23, 2021

အမေရိကန်သမ္မတ ရာထူးလက်ခံပွဲ တာဝန်ယူသည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅၀ ကျော် ကိုဗစ်ကူးခံရ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ရာထူးလက်ခံပွဲအတွက် ဝါရှင်တန်မှာ  လုံခြုံရေးတာဝန်ယူတဲ့ အမျိုးသားအစောင့်တပ်ဖွဲ့ဝင် အယောက် ၁၅၀ ကနေ ၂၀၀ ကြား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့  တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၂၂ ရက်မှာ ပြောဆိုပါတယ်။  ဇန်နဝါရီ ၆ ရက်က ကွန်ဂရက်အဆောက်အအုံ တိုက်ခိုက်ခံရပြီးနောက်မှာ အစိုးရက မြို့တော် ဝါရှင်တန်မှာ ထူးထူးခြားခြား လုံခြုံရေး အစီအမံတွေ ချမှတ်ခဲ့ပါတယ်။  အဲဒီထဲမှာ အမျိုးသားအစောင့်တပ် လုပ်ဆောင်တဲ့ သွပ်ဆူးကြိုးအကာအရံတွေနဲ့ စစ်ဆေးရေး ဂိတ်တွေ ပါဝင်ပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ တပ်ဖွဲ့ဝင်အရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့ အမည်မဖော်ပြတဲ့ တာဝန်ရှိသူက ဆိုပေမယ့် ဒါဟာ တာဝန်ချထားတဲ့ တပ်ဖွဲ့ဝင် နှစ်သောင်းခွဲကျော် မှာ နည်းပါးတဲ့ အရေအတွက် ဖြစ်ပါတယ်။  ဒီသတင်းနဲ့ ပတ်သက်လို့ အမျိုးသားအစောင့်တပ်ကို ဆက်သွယ်မေးမြန်းရာမှာ ချက်ချင်းမဖြေကြားခဲ့ပါဘူး။  ထောင်နဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေ နေရပ်ပြန်ဖို့ အစီအစဉ်တွေ လုပ်နေပြီး လာမယ့် ၅ ရက်ကနေ ၁၀ ရက်အတွင်း အမျိုးသားအစောင့်တပ်ဖွဲ့ဝင် တစ်သောင်းခွဲလောက် ဝါရှင်တန်ကနေ ပြန်ကြမယ်လို့  အမေရိကန်စစ်တပ်က ပြောဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထို ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၅ သန်းကျော်နဲ့ သေဆုံးသူ ၄၂၀,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
9 months Ago
Up