လုံခြုံရေးဥပဒေသစ်

July 14, 2020

ဟောင်ကောင် လုံခြုံရေးဥပဒေသစ်ကို တုံ့ပြန်ရန် EU ပြင်ဆင်

တရုတ်ပြည်မကြီးအစိုးရက ဟောင်ကောင်အတွက် လုံခြုံရေးဥပဒေသစ် ပြဋ္ဌာန်းတာကို တုံ့ပြန်ဖို့ လုပ်ဆောင်ချက်တွေကို ဥရောပသမဂ္ဂ EU က ပြင်ဆင်နေတယ်လို့ EU ရဲ့ ထိပ်တန်းသံတမန်က ဇူလိုင် ၁၃ ရက်မှာ ပြောပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ခြေရှိတဲ့ ခြေလှမ်းတွေထဲမှာ စီးပွားရေးဒဏ်ခတ်မှု ပါမှာမဟုတ်ဘူးလို့ သံတမန်တွေက ဖိအားပေး ပြောဆိုပါတယ်။ နိုင်ငံတကာက ဝေဖန်နေတဲ့ကြားက ဗြိတိန်ကိုလိုနီဟောင်း ဟောင်ကောင်အတွက် လုံခြုံရေး ဥပဒေသစ်ကို ပြဋ္ဌာန်းဖို့ တရုတ်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို အနောက်နိုင်ငံ အများစုလိုပဲ EU က ပြစ်တင် ရှုတ်ချပါတယ်။ တရုတ်ပြည်မကြီးအစိုးရအတွက် အင်မတန် အဖျက်သဘောဆောင်တဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေ ဖြစ်လာလိမ့်မယ်လို့ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလေယန်က အရင်လက သတိပေးပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ကျင်းပတဲ့ EU နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အပြီးမှာတော့ ပိုသက်ညှာတဲ့ လုပ်ဆောင်ချက် အသေးစိတ်ကို EU နိုင်ငံခြားရေး မူဝါဒအကြီးအကဲ ဂျိုးဇက်ဘော်ရဲလ်က ပြောပါတယ်။ ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းကို ထောက်ခံကြောင်းပြဖို့ EUရဲ့ ညှိနှိုင်းဆောင်ရွက်ချက်တွေကို တိုးမြှင့်ရေး သဘောတူခဲ့တယ်လို့ သူက အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
1 year Ago

July 4, 2020

ဟောင်ကောင်လုံခြုံရေးဥပဒေသစ်အရ အမျိုးသား ၁ ဦး ပထမဆုံး စွဲချက်တင်ခံရ

ဟောင်ကောင်လွတ်လပ်ရေးဆိုတဲ့ ဗွီနိုင်းကို သယ်လာပြီး ရဲတွေကို မော်တော်ဆိုင်ကယ်နဲ့ ဝင်တိုက်တဲ့ အမျိုးသားတစ်ယောက်ဟာ ဟောင်ကောင်လုံခြုံရေးဥပဒေသစ်အရ ခွဲထွက်ရေး လှုံ့ဆော်မှု ၊ အကြမ်းဖက်မှုတို့နဲ့ ဇူလိုင်လ ၃ ရက်မှာ  ပထမဆုံး စွဲချက်တင်ခံရပါတယ်။  ဇူလိုင် ၁ ရက် တရားမဝင် ဆန္ဒပြပွဲအတွင်း အသက် ၂၃ နှစ်အရွယ် တုန်ယင်ကီဆိုတဲ့  လူငယ်ဟာ  ရဲဝန်ထမ်းတွေကို ဆိုင်ကယ်နဲ့ တိုက်ခဲ့ပြီး ရဲဝန်ထမ်း တချို့ ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီနောက်  တုန်ယင်ကီကို ဆေးရုံပို့ခဲ့ပြီး သူဟာ ၂၄ နာရီအတွင်း  စွဲချက်တင်ခံရပါတယ်။  ဟောင်ကောင် အစိုးရက သူသယ်လာတဲ့ ဗွီနိုင်းစာသားဟာ ဥပဒေသစ်အရ  ခွဲထွက်ရေး လှုံ့ဆော်တဲ့ သဘောသက်ရောက်တယ်လို့ ပြောဆိုခဲ့ပါတယ်။  ဝေဖန်သူတွေကတော့ ဟောင်ကောင်လုံခြုံရေးဥပဒေသစ်ဟာ အစိုးရဆန့်ကျင်သူနဲ့  ဒီမိုကရေစီ ပိုမိုရရေး ကာလရှည် လှုပ်ရှားမှုကို ဖြိုခွင်းဖို့ ရည်ရွယ်တယ်လို့ ထောက်ပြကြပါတယ်။ 
1 year Ago
Up