လုံခြုံရေးအားနည်း

A d v e r t i s e m e n t With Us

October 25, 2020

ပလက်ဝတွင် လုံခြုံရေးအားနည်းကြောင်း အကြံပြုခဲ့ဟု တပ်မတော်ပြော

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို လုံခြုံရေးအားနည်းတဲ့ ၃၉ နယ်မြေထဲမှာ ထည့်သွင်း အကြံပြုခဲ့ပေမဲ့ ရွေးကောက်ပွဲကော်မရှင်က ညှိနှိုင်းပြီး ရွေးကောက်ပွဲကျင်းပဖို့ ဆုံးဖြတ်ခဲ့တာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့နဲ့ပတ်သက်ပြီး လုံခြုံရေးအရ ကျင်းပနိုင်ခြင်း ရှိ၊ မရှိ တပ်မတော်က သဘောထားတင်ပြရာမှာ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို လုံခြုံရေး အားနည်းတဲ့ မြို့နယ်တွေထဲမှာ ထည့်သွင်းတင်ပြခဲ့တာပါ။  ဒါပေမဲ့လည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ ညှိနှိုင်းမှုအရ လုံခြုံရေးပိုင်းကို တတ်နိုင်သမျှ ဆောင်ရွက်ပေးမယ်လို့ တပ်မတော်ဘက်က အကြောင်းပြန်ခဲ့တဲ့အတွက် အခုလို ကော်မရှင်ရဲ့ ထုတ်ပြန်မှုထဲမှာ ပါဝင်လာခဲ့တာလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အောက်တိုဘာ ၂၄ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ “ပလက်ဝက လုံခြုံရေးအားနည်းတဲ့အတွက် မကျင်းပရမယ့်နေရာ ၃၉ နယ်မြေထဲမှာ ကျနော်တို့ ထည့်သွင်းထားပါတယ်။ ဒီကြားထဲမှာ ညှိနှိုင်းမှုတွေ ရှိပါတယ်။ လုံခြုံရေးအရ ဆောင်ရွက်ပေးပါဆိုတဲ့ဟာတွေ ရှိပါတယ်။ တတ်နိုင်သမျှ ဆောင်ရွက်ပေးမယ်ဆိုပြီး ပြန်ပြီးတော့ အကြောင်းပြန်ခဲ့ပါတယ်။ ပြန်ပြီးတင်ပြခဲ့ပါတယ်။ ဒါကြောင့်မိုလို့ ပလက်ဝသည် စာရင်းထဲမှာ ပါသွားတယ်။”  အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ နယ်မြေတွေ၊ ကျင်းပနိုင်ခြင်းမရှိတဲ့ နယ်မြေတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်က ထုတ်ပြန် ကြေညာခဲ့ရာမှာ တိုက်ပွဲထိတွေ့မှု မြင့်တက်နေတဲ့ ပလက်ဝမြို့နယ်က ရွေးကောက်ပွဲကျင်းပနိုင်တဲ့ စာရင်းထဲမှာ ပါဝင်လာပြီး တချို့နယ်မြေအေးချမ်းတဲ့ဒေသတွေကတော့ စာရင်းထဲ ပါဝင်လာခြင်း မရှိတာပါ။ ဒါနဲ့ပတ်သက်ပြီး ဒေသခံတွေနဲ့ တိုင်းရင်းသားပါတီအချို့က ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ ဒေသတွေထဲမှာ ပါဝင်တဲ့ ရခိုင်ပြည်နယ်က မြို့နယ် ၉ မြို့နယ်နဲ့ ရှမ်းပြည်နယ်က ၆ မြို့နယ်တို့နဲ့ပတ်သက်ပြီး ရှမ်းရဲ့ဒေသတချို့နဲ့ ရခိုင်ရဲ့ဒေသတချို့ကိုလည်း ရွေးကောက်ပွဲကျင်းပဖို့အတွက် လုံခြုံရေးရရှိအောင် ဆောင်ရွက်ပေးမယ်လို့ တပ်မတော်ဘက်က ပြန်လည်တင်ပြထားတယ်လို့ ဆိုပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အောက်တိုဘာ ၁၆ ရက် ထုတ်ပြန်ကြေညာချက်အရ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် စုစုပေါင်း ၃၃၀ မှာ ရွေးကောက်ပွဲ မပြုလုပ်နိုင်တဲ့ ဆန္ဒနယ် ၁၅ နယ်နဲ့ အမျိုးသားလွှတ်တော် ၁၆၈ နယ်မှာ ရွေးကောက်ပွဲ မပြုလုပ်နိုင်တာ ၇ နေရာရှိတယ်လို့ သိရပါတယ်။ သတင်း - ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)
3 months Ago
Up