လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ

October 20, 2020

ပြင်သစ်တွင် လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီအစည်းအဝေး ကျင်းပ

ပြင်သစ်နိုင်ငံမှာ သမိုင်းဘာသာရပ်သင်တဲ့ ကျောင်းဆရာတယောက်ကို အစ္စလာမစ်လို့ သံသယရှိသူတယောက်က ခေါင်းဖြတ်သတ်အပြီး ၂ ရက်အကြာ အောက်တိုဘာ ၁၈ ရက်မှာ သမ္မတ အီမန်နျူယယ်မက်ခွန်းနဲ့ ထိပ်တန်းပြင်သစ်ဝန်ကြီးတွေဟာ လုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီအစည်းအဝေးကို တက်ရောက်ခဲ့ကြပါတယ်။ ဒီလအစောပိုင်းမှာ ဆရာက သူ့တပည့်တွေကို လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နဲ့ ပတ်သက်ပြီး တမန်တော် မိုဟာမဒ်ရဲ့ ကာတွန်းရုပ်တွေကို ပြသခဲ့တဲ့အတွက် ဒီလုပ်ရပ်ကို မွတ်စလင် မိဘတွေက ဒေါသထွက်ခဲ့တာပါ။ တမန်တော်ကိုဘယ်လို ပန်းချီတွေ စကားလုံးတွေနဲ့ သရုပ်ဖော်သည်ဖြစ်စေ ဒါဟာ စော်ကားမှုမြောက်တယ်လို့ မွတ်စလင်တွေက ယုံကြည်ကြပါတယ်။ ပါရီမြို့တော် ဆင်ခြေဖုံးက စာသင်ကျောင်းရဲ့ အပြင်ဘက်မှာ အသက် ၄၇ နှစ်အရွယ် ဆမ်မြူယယ်ပတ်တီဟာ ရုရှားနိုင်ငံမှာမွေးတဲ့ ချေချင်းတိုင်းရင်းသား အသက် ၁၈ နှစ်အရွယ် တိုက်ခိုက်သူရဲ့ လက်ချက်နဲ့ သေဆုံးခဲ့တာပါ။ တိုက်ခိုက်သူကို ရဲက အသေပစ်ခတ် ဖမ်းဆီးခဲ့ပြီး သတ်ဖြတ်မှုနဲ့ပတ်သက်တဲ့လူ ၁၁ ယောက်ကိုလည်း ရဲက ဖမ်းဆီးထားပါတယ်။ ပြင်သစ်အစိုးရဟာ အစွန်းရောက် ဘာသာရေးယုံကြည်ချက် သံသယအတွက် စောင့်ကြည့် စာရင်းထဲမှာပါတဲ့ နိုင်ငံခြားသား ၂၃၁ ယောက်ကို ပြည်နှင်ဒဏ် ပေးဖို့ ပြင်ဆင်နေတယ်လို့ ရဲ သတင်းရင်းမြစ်တရပ်ကို ကိုးကားပြီး Europe 1 သတင်းဌာနက အောက်တိုဘာ ၁၈ ရက် အစောပိုင်းမှာ ပြောထားပါတယ်။ ဒါပေမဲ့ ဒီသတင်းကို အတည်ပြုဖို့ နိုင်ငံခြားသား နှင်ထုတ်ရေးမှာ တာဝန်ရှိတဲ့ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့တော့ ဆက်သွယ်လို့ မရသေးပါဘူး။
1 year Ago
Up