လုံခြုံရေးထူထပ်စွာ ကျင်းပ

December 25, 2019

ကရာချိမြို့က ခရစ္စမတ်အကြိုဝတ်ပြုဆုတောင်းပွဲ လုံခြုံရေးထူထပ်စွာ ကျင်းပ

ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့က ခရစ္စမတ်အကြို သန်းခေါင်ယံ ဝတ်ပြုဆုတောင်းပွဲကို  ဒီဇင်ဘာလ ၂၄ ရက်နေ့က လုံခြုံရေးအစောင့်အကြပ် ထူထပ်စွာနဲ့ ကျင်းပခဲ့ပါတယ်။  ဆုတောင်းပွဲကို လူနည်းစု ခရစ်ယာန်အသိုက်အဝန်းက ဝတ်ပြုသူ ရာချီပြီး တက်ရောက်ခဲ့ပါတယ်။ ဘုရားကျောင်းအတွင်း မဝင်မီ ဝတ်ပြုသူတွေဟာ လုံခြုံရေးဂိတ်တွေကို ဖြတ်သန်းရပါတယ်။ ပါကစ္စတန် နိုင်ငံမှာ ခရစ္စမတ်ကာလအတွင်း   ဘုရားကျောင်းဝန်းကျင်မှာ ရဲတပ်ဖွဲ့ဝင်ရာချီပြီး လုံခြုံရေးချထားပါတယ်။ အခုခရစ္စမတ်ပွဲမှာ လုံခြုံရေးအရ ခြိမ်းခြောက်တာတွေ မရှိပေမယ့် အရင်နှစ်တွေက ခရစ်ယာန်ဘုရားကျောင်းတွေနဲ့  ခရစ်ယာန်ဘာသာဝင်တွေ တိုက်ခိုက်ခံရဖူးပါတယ်။   ၂၀၁၇  က ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ကေတာမြို့မှာ ဘုရားကျောင်းထဲကို လူ ၄ ယောက် ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့်  ၉ ယောက်ထက်မနည်း သေဆုံးပြီး ၅၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံ လူဦးရေ ရဲ့  ၂ ရာခိုင်နှုန်းသာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago
Up