လုံခြုံရေးတပ်လှန့်

A d v e r t i s e m e n t With Us

December 21, 2020

တရုတ်စစ်သင်္ဘောအုပ်စု ထိုင်ဝမ်ရေလက်ကြား ဖြတ်သန်းလာသဖြင့် လုံခြုံရေးတပ်လှန့်

တရုတ်ရဲ့ နောက်ဆုံးထုတ်လုပ်ထားတဲ့ လေယာဉ်တင်သင်္ဘော ရှန်တုန်းပါဝင်တဲ့ သင်္ဘော အုပ်စုဟာ အကဲဆတ်တဲ့ ထိုင်ဝမ် ရေလက်ကြားကို ဖြတ်သန်း ခုတ်မောင်းလာလို့ ထိုင်ဝမ် ရေတပ်နဲ့ လေတပ်ကို ဒီဇင်ဘာ ၂၀ ရက်မှာ တပ်ချထားပါတယ်။ ဒီလမ်းကြောင်းကနေ အမေရိကန်စစ်သင်္ဘောတွေ ဖြတ်သန်းသွားပြီးနောက်နေ့မှာ တရုတ်က ခုလို လုပ်တာပါ။ တရုတ်ပြည်မကြီး အစိုးရနဲ့ ထိုင်ဝမ်အစိုးရတို့ကြား တင်းမာမှု တိုးနေချိန်မှာ တရုတ် လေယာဉ်တင် သင်္ဘောက ထိုင်ဝမ်ကျွန်းနားကနေ ဖြတ်မောင်းတာဟာ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။  ဒီမိုကရေစီစနစ်နဲ့ ကိုယ်စိုးကိုယ်ပိုင် အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မကြီး အစိုးရက သူတို့ ပိုင်တယ်လို့ အခိုင်အမာ ပြောထားပါတယ်။   ထိုင်ဝမ်ကတော့ တရုတ်လေတပ်က လေယာဉ်တွေ ထိုင်ဝမ်ကျွန်းနားကို ပုံမှန်ပျံသန်းမှု အပါအဝင် တရုတ်စစ်ဆင်ရေးလေ့ကျင့်မှု ထပ်ခါတလဲ လှုပ်ရှားနေတာကို မကျေမနပ် ပြောဆိုခဲ့ ပြီးပါပြီ။  တရုတ်ကတော့ သူ့နိုင်ငံ အချုပ်အခြာကို ကာကွယ်ဖို့ ရည်မှန်းပြီး စစ်ရေးလေ့ကျင့်နေတာ လို့ ပြောထားပါတယ်။  ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကတော့ ရှန်တုန်း လေယာဉ်တင် စစ်သင်္ဘောဟာ တခြား စစ်လေယာဉ် ၄စီး ခြံရံပြီး တရုတ်နိုင်ငံမြောက်ပိုင်း တာ့လျန် ဆိပ်ကမ်းကနေ ကြာသပတေးနေ့က ထွက်လာတာလို့ ပြောပါတယ်။ စစ်သင်္ဘောအုပ်စုဟာ ထိုင်ဝမ်ရေလက်ကြားကို တနင်္ဂနွေနေ့က ဖြတ်သန်းပြီး တောင်ဘက်ကို ဆက်ထွက်သွားနေတယ်လို့ ဆက်ပြောပါတယ်။ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ချက်ချင်း မတုံ့ပြန်ပါဘူး။  တရုတ်သင်္ဘောတွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ဖို့ စစ်သင်္ဘော ၆ စီး၊ စစ်လေယာဉ် ၈ စီးကို အစောင့်ချထားတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။  တရုတ်ပြည်မကြီးအစိုးရဟာ ထိုင်ဝမ်ကို အမေရိကန်က လက်နက်ရောင်းချမှု အသစ်နဲ့ အမေရိကန်အကြီးတန်း အရာရှိတွေ ထိုင်ပေကို သွားရောက်လည်ပတ်မှု တိုးလာတာကို ဒေါသ ထွက်နေခဲ့တာပါ။ ဒါကြောင့် တရုတ်-အမေရိကန် ဆက်ဆံရေး မပြေပြစ်မှု တိုးလာပါတယ်။  ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ်ကတော့ လေယာဉ်တင်သင်္ဘောကို ဖျက်နိုင်တဲ့ ကိုယ်ပျောက် တိုက်ခိုက်ရေးယာဉ်လို ပစ္စည်းသစ်တွေကို ထုတ်သုံးပြီး ထိုင်ဝမ်စစ်ရေးတိုးတက်အောင် ပြုပြင် မွမ်းမံရာမှာ ကြီးကြပ်နေပါတယ်။ 
2 months Ago

December 28, 2019

တိုက်ပွဲအရှိန်မြင့်လာသဖြင့် လစ်ဗျားနိုင်ငံတွင် လုံခြုံရေးတပ်လှန့်

လစ်ဗျားနိုင်ငံအတွင်း အုပ်စုနှစ်ခုအကြား တိုက်ပွဲတွေ အရှိန်မြင့်နေတာမို့ ဒီဇင်ဘာ ၂၇ ရက်က မြို့တော် ထရီပိုလီလမ်းတွေပေါ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တပ်လှန့်ထားပါတယ်။  လစ်ဗျားရဲ့ နိုင်ငံတကာအသိမှတ်ပြုအစိုးရ (GNA) ဟာ ဗိုလ်ချုပ်ကြီး ခါလီဖာ ဟက်ဖ်တာရဲ့ တပ်ဖွဲ့တွေ မြို့တော်ထဲ မဝင်အောင် တားဆီးနေရပါတယ်။ ရုရှား၊ အီဂျစ်၊ ယူအေအီးနဲ့ ဂျော်ဒန်တို့က ထောက်ခံ အားပေးနေတဲ့ ဟက်ဖ်တာရဲ့လစ်ဗျား အမျိုးသားတပ်မတော်ဟာ ပြီးခဲ့တဲ့ ဧပြီလကတည်းက မြို့တော် ထရီပိုလီကို (GNA) အစိုးရ လက်ကနေ သိမ်းယူဖို့ ကြိုးစားနေတာပါ။ GNA အစိုးရကို ကုလသမဂ္ဂရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ၂၀၁၆ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဟက်ဖ်တာရဲ့တပ်တွေက ထရီပိုလီမြို့လယ်ကောင်ထိ မထိုးဖောက်နိုင်သေးပေမယ့် မကြာသေးခင်က မြို့တော်ရဲ့ ဆင်ခြေဖုံးတွေကို အသာစီးရထားပါတယ်။ အဲဒီလို တိုက်ခိုက်ရာမှာ ရုရှားနဲ့ ဆူဒန်တိုက်ခိုက်ရေးသမားတွေ၊ ယူအေအီးနိုင်ငံက  ပေးပို့တဲ့ ဒရုန်းယာဉ်တွေက ကူညီခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
1 year Ago
Up