လုံခြုံရေးတပ်ဖွဲ့

February 28, 2021

လုံခြုံရေးတပ်ဖွဲ့ဝင်များ အကြမ်းဖက်အင်အားသုံးနှိမ်နင်းမှု ချက်ချင်းရပ်တန့်ရန် ကနေဒါ တောင်းဆို

ရန်ကုန် အပါအဝင် နိုင်ငံတဝန်း ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် အင်အားသုံး နှိမ်နင်းတာတွေ တိုးမြှင့်လုပ်ဆောင်နေတာကြောင့် သေဆုံး ဒဏ်ရာသူတွေ တွေ့ရှိရတဲ့အတွက် ထိတ်လန့်တုန်လှုပ်မိတယ်လို့ ကနေဒါသံရုံးက ထုတ်ပြန်လိုက်ပါတယ်။ 

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အုပ်ချုပ်ရေး ပြန်လည်ရရှိဖို့ ဆန္ဒပြပွဲတွေမှာ အသက်ဆုံးရှုံးသွားရသူတွေ၊ ထိခိုက် ဒဏ်ရာရရှိကြရသူတွေနဲ့ ထပ်တူရှိနေတယ်လို့ ဆိုပါတယ်။

လက်နက်မဲ့ ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အင်အားသုံးတာ၊ ဆန္ဒပြသူတွေ၊ နိုင်ငံရေးသမားတွေ၊ အစိုးရ ဝန်ထမ်းတွေ၊ အရပ်ဘက် တက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေနဲ့ ဒီမိုကရေစီ ဘက်တော်သား ခေါင်းဆောင်တွေကို ဖမ်းဆီး ထိန်းသိမ်းတာကိုလည်း  ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို တိုက်ခိုက်တာ၊ ခြိမ်းခြောက်တာတွေကို ချက်ချင်း ရပ်တန့်ဖို့နဲ့ ဖမ်းဆီးခံထားရသူအားလုံး လွှတ်ပေးဖို့ ကနေဒါသံရုံးက တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် ချက်ချင်း အင်တာနက် အပြည့်အဝ ပြန်ပေးဖို့နဲ့ လူမှုကွန်ရက်ဆိုင်ရာ ပိတ်ဆို့ထားမှုတွေကို ပယ်ဖျက်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

ကနေဒါနိုင်ငံက ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောကြားထားသလို မြန်မာပြည်သူတွေနဲ့ အတူရပ်တည်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံထဲ ရောက်နေတဲ့ ကနေဒါ နိုင်ငံသားတွေအနေနဲ့ အိမ်တွေထဲမှာပဲ သိုသိုသိပ်သိပ် နေထိုင်ကြဖို့၊ ဆန္ဒပြပွဲတွေနဲ့ လူစုလူဝေးတွေ အားလုံးကို ရှောင်ကြဖို့ အခြေအနေ တိုးတက်မှုနဲ့ ပတ်သက်ပြီး ဒေသခံ မီဒီယာတွေကို စောင့်ကြည့် သတင်းယူကြဖို့ ကနေဒါသံရုံးက မြန်မာနိုင်ငံဆိုင်ရာ ခရီးသွားသတိပေးချက်ကို ဖေဖော်ဝါရီ ၂၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

3 months Ago

February 27, 2021

မြတောင်တိုက်ရှေ့ ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြိုခွင်းရန်ကြိုးပမ်း

မန္တလေးမြို့ ၃၅ လမ်း မြတောင်းတိုက်ရှေ့မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲပိုင်းက စစ်အာဏာရှင်ပြုတ်ကျရေး တောင်းဆိုဆန္ဒပြတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေကို လာရောက် ဖြိုခွင်းဖို့ လုပ်ခဲ့ပါတယ်။

လာရောက်မဖြိုခွင်းခင်ကတည်းက ဆရာတော် သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေဟာ လူစုခွဲပြီးဖြစ်တဲ့အတွက် ဖမ်းဆီးခံရသူမရှိခဲ့ပါဘူး။

ဒီလို ဖမ်းဆီးခံရသူမရှိခဲ့ပေမယ့် မြတောင်ကျောင်းတိုက်နေ ဘုန်းကြီးကျောင်းသား တစ်ဦးကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လေးခွနဲ့ ထုတာကြောင့် နဖူးကွဲသွားခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဆုပ်ခွါသွားရာ လမ်းတစ်လျှောက်မှာရှိတဲ့ သူတွေကို လေးခွနဲ့ ထုတာကို တွေ့ရှိရပါတယ်။

3 months Ago

လွိုင်ကော်လူထု ချီတက်ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့က ပိတ်ဆို့တားဆီး

စစ်အာဏာရှင်ဆန့်ကျင်ရေး လွိုင်ကော်မြို့က ဒီနေ့ လူထုချီတက်ဆန္ဒပြရာ လမ်းကြောင်းတွေကို ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံပိတ်ပင်မှုတွေ ရှိခဲ့ပါတယ်။ 

ရဲတပ်ဖွဲ့ဝင် ၅၀ အင်အားအပြင် လူစုဖြိုခွဲဖို့ ရေကားတွေနဲ့ပါ တားဆီးမှုတွေ ရှိခဲ့ပေမယ့် ထိပ်တိုက်ရင်ဆိုင်တဲ့အခြေအနေ မဖြစ်အောင် သပိတ်စစ်ကြောင်းကို ပြည်သူတွေက ကားကြီး ကားငယ်တွေနဲ့ လမ်းထိပ်တွေမှာ ကာရံပေးထားသလို ဆန္ဒပြပြည်သူဘက်က ဖွဲ့စည်းထားတဲ့ လုံခြုံရေးအဖွဲ့တွေနဲ့ ကာရံမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ 

ဆန္ဒပြလူငယ်ခေါင်းဆောင် တဦးဖြစ်တဲ့ ခူးရီးဒူက “အခု လက်ရှိ လွိုင်ကော်မှာ ကျနော်တို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေ လုပ်နေပါတယ်။ ကျနော်တို့ကတော့ ကျနော်တို့ လမ်းကြောင်းကို ပုံမှန်နဲ့ ငြိမ်းချမ်းစွာ သွားနေတယ်။ သို့သော် ရဲဘက်ကတော့ ကျနော်တို့သွားမယ့်လမ်းကြောင်းကို လိုက်ပြီးတော့မှ ပိတ်ဆို့နေတဲ့ အနေအထားမှာ ရှိနေတယ်။ လက်ရှိ ရဲအင်အားအရ ဆိုလို့ရှိရင်တော့ ၄၀ လောက်ရှိပါတယ်။ ပြီးတော့မှ ရေပွိုင့်ကား ၂ စီးနဲ့ ကျနော်တို့ ထည့်ထားတဲ့ အနေအထားမှာ ရှိတယ်။ လက်ရှိ ညှိနှိုင်းမှုအရ ကျနော်တို့လမ်းကြောင်းကို ဆက်သွားပြီးတော့မှ ရှောင်လွှဲသွားမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့တွေ ပိတ်ထားတဲ့လမ်းမှာ မြေထိုးစက်နဲ့ ကာရံပေးထားတာနဲ့ပတ်သက်လို့  သပိတ်ကော်မတီဝင်တဦးက “တကယ်လို့ ရဲတွေ ရောက်လာတယ်၊ တပ်တွေ ရောက်လာတယ်ဆိုရင် သူတို့ ချက်ချင်း လာလို့မရအောင် တဆင့်ခံထားတဲ့ သဘောပါပဲ။ ကျမတို့ ပြည်သူလူထုကနေ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေ မထိခိုက်ဖို့အတွက်ပါပဲ” လို့ ပြောပါတယ်။

ဆန္ဒပြလူထုတွေနဲ့ ရဲတပ်ဖွဲ့အကြား ထိပ်တိုက်ထိတွေ့မှုမရှိအောင်လည်း လူထုသပိတ်ကော်မီတီနဲ့ ရဲတပ်ဖွဲ့အကြား ဆွေးနွေးပြောဆိုခဲ့ပြီးနောက် ပြည်သူတွေက တခြားလမ်းကြောင်းကနေ  သူတို့ရဲ့ဆုံရပ်ဖြစ်တဲ့ နောင်ယားကန်ကို ငြိမ်းချမ်းစွာ ပြန်လည်ထွက်ခွာနိုင်ခဲ့ပါတယ်။

နော်နိုရင်း

3 months Ago

Hledan Center နှင့် တံတားအောက် ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီး

Hledan Center နဲ့ လူကူးတံတားအောက်က ဒီနေ့မနက် ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အင်အားအလုံးအရင်းနဲ့ လိုက်လံရိုက်နှက် ဖမ်းဆီးနေပါတယ်။

အဲဒီနေရာတွေမှာ မနက်ကတည်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နေရာယူထားတာဖြစ်ပြီး ဆန္ဒပြသူတွေကို လိုက်လံဖမ်းဆီးနေတာပါ။ ရုပ်သံဖိုင်တခုမှာတော့ ဆန္ဒပြအမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာ တွေ့ရပါတယ်။

ဒါ့အပြင် အမေရိကန်သံရုံး အပါအဝင် သံရုံးတွေရှိရာ လမ်းတစ်လျှောက်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အိမ်တည်ရှိတဲ့ တက္ကသိုလ်ရိပ်သာလမ်းတလျှောက်မှာလည်း လုံခြုံရေးတွေ အင်အားအလုံးအရင်း ချထားတယ်လို့ သိရပါတယ်။

3 months Ago

ထားဝယ်ဆန္ဒပြစစ်ကြောင်းကို လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်း၊ ဆက်လက်ချီတက်ဆန္ဒပြ

တနင်္သာရီတိုင်း ထားဝယ်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီနေ့မနက် ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ပြီး မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲခဲ့တယ်လို့ ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူတဦးက ပြောပါတယ်။

ဒီနေ့မနက် ဆန္ဒပြဖို့ ဥတ္တတားကြီးမှာ လူစုဖို့ လုပ်ခဲ့ပေမယ့် ရဲအင်အား အလုံးအရင်းနဲ့ စောင့်ဆိုင်းနေတာကြောင့် ဗုမ္မော်ရပ်ကွက်မှာစုပြီး ကရပ်ပြင်ရပ်ကွက်ဘက် ချီတက်ဆန္ဒပြခဲ့ကြစဉ် ကရပ်ပြင်လမ်းဆုံအရောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်လူစုခွဲခဲ့တာလို့ ဆိုပါတယ်။

“ရဲအင်အား ၄၀၊ ၅၀ လောက်ရှိမယ်။ ကျနော်တို့ စစ်ကြောင်း ကရင်ပြင်လမ်းဆုံ ရောက်တဲ့အချိန်မှာ သေနတ်ကျည်အစစ်နဲ့ မိုးပေါ်ထောင်ပစ်တာလည်း လုပ်တယ်၊ လူတွေကြားထဲတော့ ရာဘာကျည်တွေနဲ့ ပစ်တယ်။ ပြီးတော့ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်လူစုခွဲတာ၊ လောလောဆယ် ထိခိုက်ဒဏ်ရာရသူတော့ မတွေ့ရသေးဘူး” လို့ ဆန္ဒပြပွဲ ဦးဆောင်သူတဦးက ပြောပါတယ်။

လောလောဆယ်မှာတော့ စစ်ကြောင်းတွေကို ပြန်စုပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြနေကြတယ်လို့ ဆိုပါတယ်။

မနေ့ညကလည်း ရဲတပ်ဖွဲ့က ထားဝယ်မြို့ပေါ်ရပ်ကွက်တွေမှာ လှည့်လည်ကာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကစပြီး အများပြည်သူနဲ့ဆိုင်တဲ့လမ်းတွေမှာ လူ ၅ ယောက်ထက် ပိုမစုဖို့နဲ့ ပိုစုပါက အင်အားသုံးဖြိုခွင်းမယ်ဆိုပြီး အသံချဲ့စက်နဲ့ လိုက်လံသတိပေးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ကျောင်းသား/ကျောင်းသူတွေ၊ ဆရာ/ဆရာမတွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး နေ့စဉ် လူသိန်းချီဆန္ဒပြနေကြတာပါ။

ထားဝယ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင်တချို့ကို လိုက်လံဖမ်းဆီးတာတွေ ရှိပေမယ့် ဒီနေ့အထိ ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းကာကွယ်ပေးကြလို့ ဖမ်းဆီးခံရတာမျိုး မရှိသေးဘူးလို့ ဆန္ဒပြ တက္ကသိုလ်ကျောင်းသား ခေါင်းဆောင်တဦးက ပြောပါတယ်။

သတင်း - ကိုရန်နိုင်(ထားဝယ်)၊ ဓာတ်ပုံ-ထူးမြတ်လွင်

3 months Ago
More News
Up