လုံခြုံရေး

January 13, 2022

လုံခြုံရေးဆိုင်ရာလိုလားချက် ရုရှားက နေတိုးအဖွဲ့ကို ချပြ

ဘယ်လ်ဂျီယံနိုင်ငံ   ဘရပ်ဆဲလ်မြို့ နေတိုးအဖွဲ့ (NATO) ဌာနချုပ်၊ အဖွဲ့ဝင်နိုင်ငံ ၃၀ ရဲ့ ဇန်နဝါရီ ၁၂ ရက် အစည်းအဝေးမှာ ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ‘အလက်ဇန်းဒါး ဂရုရှကို’ တက်ရောက်ပြီး  ရုရှားရဲ့ လုံခြုံရေးဆိုင်ရာ လိုလားချက်တွေကို ချပြခဲ့ပါတယ်။

နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူး ‘ယန်း စတိုတန်ဘတ်ဂ်’ က ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့ကို လက်ခံကြိုဆိုခဲ့ပြီး အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှာမန် အပါအဝင် နေတိုးအဖွဲ့ဝင်နိုင်ငံ ၃၀ က ဝန်ကြီးတွေ၊ သံအမတ်တွေ ပါဝင်ဆွေးနွေးခဲ့ပါတယ်။

စစ်အေးခေတ်အပြီး နှစ် ၃၀ အတွင်း အရှေ့နဲ့အနောက်ကြား အဆိုးဆုံး တင်းမာမှုဖြစ်နေတဲ့ အခြေအနေကို လျော့ချဖို့ နှစ်ဖက်စလုံးက ရည်ရွယ်တယ်လို့  ဆိုပါတယ်။ 

အမေရိကန်က ရုရှားဟာ ယူကရိန်းထဲ ကျူးကျော်ဝင်ရောက်ဖို့ ပြင်နေတယ်လို့ စွပ်စွဲထားပြီး ရှရှားက နေတိုးမဟာမိတ်တပ်တွေ ယူကရိန်းနိုင်ငံထဲ ထားရှိမှုကို ပြင်းပြင်းထန်ထန်  ကန့်ကွက်နေတာပါ။ 

အထူးသဖြင့် ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် လက်မခံဖို့ ရုရှားက တောင်းဆိုပါတယ်။

အခုဆွေးနွေးပွဲက ဇန်နဝါရီ ၁၀ ရက် ဂျီနီဗာမြို့မှာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမှုအပြီး နေတိုးအဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံမှုပါ။ 

ရုရှားရဲ့တောင်းဆိုမှုတွေနဲ့ နေတိုးအဖွဲ့ရဲ့ ရပ်တည်ချက်အကြား ကြီးမားတဲ့ ကွဲဟချက်တွေ ရှိနေဆဲပါပဲ။ 

1 week Ago

December 19, 2021

လုံခြုံရေးဆိုင်ရာအာမခံချက်ရလျှင် အမေရိကန်နှင့်ချက်ချင်းဆွေးနွေးမည်ဟု ရုရှားပြော

ရုရှားက သူရဲ့  လုံခြုံရေးဆိုင်ရာလိုလားချက် တောင်းဆိုတဲ့စာရင်းကို တင်ပြလိုက်ပြီး အဲဒီ အချက်တွေ အာမခံပါက အမေရိကန်နဲ့ ချက်ချင်း ဆွေးနွေးနိုင်တယ်လို့ ပြောပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေရေကော့ဗ်က“အနောက်အုပ်စုနဲ့ ရုရှားကြား ဆက်ဆံရေး ပြန်တည်ဆောက်ဖို့ဆိုရင် ဘာအကန့်အသတ်မှမထားတဲ့ သုညအခြေနေက စရ လိမ့်မယ်။ အရှေ့ဥရောပနဲ့ ယူကရိန်းမှာ နေတိုးမဟာမိတ်အဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို စွန့်လွှတ်ရမယ်။ အဲဒီလုံခြုံရေးအာမခံချက်တွေရမှ  ရုရှားဘက်က အနောက်အုပ်စုနဲ့ စဆွေးနွေး နိုင်မယ်” လို့ အွန်လိုင်းက ပြောသွားပါတယ်။

ရုရှားတောင်းဆိုတဲ့အချက်ထဲမှာ ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံပါက  ရုရှားက ဗီတိုနဲ့ ပယ်ချမယ် ဆိုတာလည်း ပါဝင်ပြီး ဒါက အနောက်အုပ်စု လုံးဝ လက်မခံနိုင်တဲ့အချက်ပါပဲ။ 

ရုရှားရဲ့ တောင်းဆိုချက်တွေဟာ ယူကရိန်းပြဿနာကို ပြေလည်စေဖို့နဲ့ အနောက်အုပ်စုနဲ့  တင်းမာမှုလျော့ကျစေဖို့ နည်းလမ်းပါလို့ ပြောပါတယ်။

သူက အမေရိကန်အနေနဲ့ ရုရှားရဲ့တင်ပြချက်တွေကို အလေးအနက်ထားစဉ်းစားပြီး အပြု သဘောဆောင် တုံ့ပြန်ဖို့ တိုက်တွန်းပါတယ်။ 

တောင်းဆိုချက်တွေကို လက်ခံပါက  ဂျနီဗာ သို့မဟုတ် ဘယ်နေရာမဆို ရုရှားဆွေးနွေးရေးအဖွဲ့ကို လွှတ်ဖို့ အသင့်ပဲလို့ ဆိုပါတယ်။

အမေရိကန်နဲ့ ဥရောပကတော့ ရုရှားက ယူကရိန်းကို ဝင်ရောက်ကျူးကျော်ဖို့ တပ်တွေ ဖြန့်ချထားတယ်လို့ စွပ်စွဲထားပြီး နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားခြင်းဟာလည်း ယူကရိန်းရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်ပြီး ရုရှား ဝင်စွက်ဖက်စရာအကြောင်း မရှိလို့ ပြောထားပါတယ်။  

1 month Ago
More News
Up