လုံခြုံရေ

September 10, 2020

မက္ကဆီကိုတွင် ဆန္ဒပြသူများနှင့်လုံခြုံရေးတပ်ဖွဲ့ အပြန်အလှန်ပစ်ခတ်၊ ၂ ဦး သေဆုံး

မက္ကဆီကိုနိုင်ငံကနေ အမေရိကန်ကို ရေလွှဲပေးမယ့် ဆည်တည်ဆောက်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာ မက္ကဆီကို တပ်ထိန်းရဲတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်လို့ လူ ၂ ယောက် သေဆုံးတယ်လို့ နိုင်ငံတော်အစောင့်တပ်က စက်တင်ဘာ ၉ရက်မှာ ပြောပါတယ်။ နိုင်ငံမြောက်ပိုင်း၊ နယ်စပ်ပြည်နယ် ချီဟွာဟွာက မက္ကဆီကန်လူမျိုးတွေဟာ လုံခြုံရေးတပ်ကို ကျောက်ခဲတွေ၊ ဓာတ်ဆီပုလင်းဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ နောက်ဆုံးမှာ လာဘိုကွေလာဆည်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ရေလွှဲပေါက်တွေကို ပိတ်ပစ်ခဲ့ကြပါတယ်။  ၁၉၄၄ အပြန်အလှန်သဘောတူညီချက်အရ ရေကို အိမ်နီးချင်း အမေရိကန်နဲ့ မက္ကဆီကို ၂ နိုင်ငံ ခွဲဝေသုံးစွဲဖို့ စည်းမျဉ်းထုတ်ထားတာပါ။  မက္ကဆီကိုမှာ အမေရိကန်ဆီကို လွှဲပေးရမယ့် ရေအကြွေး ပုံနေပြီး ရေတွေထပ်လွှဲဖို့ စီစဉ်နေချိန်မှာ ခုလိုဖြစ်တာဟာ ဝမ်းနည်းစရာပဲလို့ မက်ဆီကို သမ္မတက ပြောပါတယ်။  နိုင်ငံတော်အစောင့်တပ်က ဆည်မှာ တာဝန်ချထားတဲ့ တပ်ဖွဲ့ဝင်တချို့ဟာလည်း စက်တင်ဘာ ၈ ရက်ညက လူ ၃ ယောက်ကို မျက်ရည်ယိုဓာတ်ငွေ့တွေ၊ စက်သေနတ် တလက်တို့နဲ့ တွေ့ရှိ ဖမ်းဆီးခဲ့ပြီး ဒေလီစီးယပ်စ်မြို့ဆီ ခေါ်သွားပြီလို့ တွစ်တာလူမှုကွန်ရက်ပေါ်မှာ ရေးပါတယ်။  တပ်ကို ပစ်ခတ်ခံရလို့ တုံ့ပြန်ရာက လူ ၁ ယောက် နေရာမှာတင် သေဆုံးပြီး နောက် ၁ ယောက်က ဒဏ်ရာနဲ့ ဆေးရုံမှာ သေဆုံးတယ်လို့လည်း ကြေညာချက်က ဆိုပါတယ်။  ရေရဖို့ အခွင့်အရေးအတွက် မဲရှင်တွေနဲ့ မက္ကဆီကို လယ်သမားတွေရဲ့ စိုးရိမ်ချက်ကို သက်သာအောင် လုပ်ဖို့ သမ္မတက နည်းလမ်းရှာနေတာပါ။ တဖက်ကလည်း အမေရိကန်နဲ့ သိမ်မွေ့တဲ့ဆက်ဆံရေးကို ကာကွယ်နေရပါတယ်။ တကယ်လို့ အမေရိကန်ဆီ ရေလွှဲမပေးရင် မက်ဆီကိုဟာ ဒဏ်ခတ်မှုကို ရင်ဆိုင်ရနိုင်ပါတယ်။
1 year Ago
Up