လိုဏ်ဂူ

July 11, 2018

လိုဏ်ဂူထဲက ထိုင်းလူငယ်ဘောလုံးသမားများ ကယ်ဆယ်ရေး အောင်မြင်စွာပြီးဆုံး

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ ခွန်နမ့်ဒွိုင်နန်းနွန်း လိုဏ်ဂူကြီးထဲပိတ်မိနေတဲ့ မူပါ (တောဝက်) အကယ်ဒမီ လူငယ်ဘောလုံးအသင်းသားတွေ ၁၃ ဦးထဲက နောက်ဆုံးကျန်ရှိတဲ့ လူငယ်၅ ဦးကို ကယ်ဆယ်ရေးအဖွဲ့တွေက ဇူလိုင် ၁၀ ရက် ညပိုင်းမှာ ကယ်ထုတ်နိုင်ခဲ့လို့ ကယ်ဆယ်ရေး လုပ်ငန်း အောင်မြင်စွာ ပြီးဆုံးသွားပါတယ်။ လိုဏ်ဂူအဝင်ဝကနေ အလျား ၄ ကီလိုမီတာလောက် ကွာဝေးတဲ့ ကျောက်ကမူပေါ်က လူငယ် ၁၃ ဦးကို နိုင်ငံတကာ ရေငုပ်ကျွမ်းကျင်သူ ၁၈ ဦး၊ ရေကူးကျွမ်းကျင်သူတွေပါတဲ့ ဂူတွင်း ကယ်ဆယ်ရေးအင်အား ၁၀၀ ကျော်တို့က ဇူလိုင် ၈ ရက်မှ ၁၀ ရက်ထိ ၃ ရက်ခွဲပြီး ဂူအပြင်ကို ကယ်ထုတ်ခဲ့ကြတာပါ။ လူငယ် ၁၃ ဦးလုံးကို ဘေးကင်းစွာနဲ့ ကယ်ထုတ်နိုင်ခဲ့တဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းစဉ် ပြီးမြောက်အောင်မြင်သွားပြီဖြစ်ကြောင်း၊ ဒီလိုအောင်မြင်တာနဲ့ ပတ်သက်ပြီး ရှေးဦးစွာ ကလေးတွေပေါ် စိုးရိမ်မှုနဲ့ မေတ္တာရှေ့ထားပြီး လိုအပ်တာတွေ ထောက်ပံ့ပေးတဲ့ ထိုင်းဘုရင်ကြီးနဲ့တကွ တော်ဝင်မိသားစုတွေအားလုံးကို ကျေးဇူးတင်ရှိကြောင်း၊ ဒါ့အပြင် ကယ်ဆယ်ရေးမှာ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ကြည်းရေလေ တပ်မတော်သားတွေ၊ ဝန်ကြီးဌာနတွေ၊ ပြည်တွင်းပြည်ပ စေတနာရှင်ဝန်ထမ်းတွေ၊ သတင်းမီဒီယာဌာနတွေ အားလုံးကို ဂုဏ်ယူစွာနဲ့ ကျေးဇူးတင်ရှိကြောင်း တောဝက် ဘောလုံးအသင်း ကယ်ဆယ်ရေးလုပ်ငန်း ဥက္ကဋ္ဌ၊ ခရိုင်ဝန် နိုင်းနရုန်းဆဒ် အိုးဆုခ်ထနားကွန်းက မနေ့ည သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။ တောဝက် ဘောလုံးအသင်းကယ်ဆယ်ရေး လုပ်ငန်းဟာ ထိုင်းနိုင်ငံမှာ တခါမှ မကြုံဘူးသေးတဲ့ အခက်ခဲဆုံး ကယ်ဆယ်ရေးလုပ်ငန်းဖြစ်ပြီး လုပ်ငန်း အခုလို အောင်မြင်ခဲ့တာဟာ အဖွဲ့ပေါင်းစုံ၊ အလွှာစုံရဲ့ စည်းလုံးညီညွတ်မှုကြောင့်ဖြစ်ကြောင်း၊ ဒီလုပ်ဆောင်ချက်ဟာ သမိုင်းတွင်သွားမှာဖြစ်ပြီး ဒီ ချင်းရိုင်၊ မယ်ဆိုင်၊ ဒွိုင်နန်းနွန်းဒေသက အတွေ့အကြုံတွေ၊ သင်ခန်းစာတွေနဲ့ မိမိနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားဖို့ ခရိုင်ဝန်က တိုက်တွန်းသွားပါတယ်။ ဒါ့အပြင် ကယ်ဆယ်ရေးလုပ်ငန်း ဦးဆောင်ကော်မတီဝင် ၄ ဦးတို့ကလည်း  သူတို့တာဝန်ယူရတဲ့ ၁၇ ရက်တာ ကာလအတွင်း အခုလို ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် တဖွဲ့နဲ့တဖွဲ့၊ တဦးနဲ့တဦး ခင်မင်ရင်းနှီးရကြောင်း၊ ကြိုးစားမှုတိုင်းမှာ အောင်မြင်မှုရှိကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းမှာ ရေတပ်က အငြိမ်းစားတပ်ကြပ်ကြီး ဆမန်ကူနန် အသက်ပေးခဲ့ရလို့ စိတ်မကောင်းဖြစ်ရကြောင်း၊ သူဟာ သူရဲကောင်းတဦးဖြစ်ပြီး ကောင်းရာသုဂတိလားဖို့ ဆုတောင်းကြောင်း၊ ဒီဂူကြီးက ရလာတဲ့ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ၊ ပညာတွေဟာ ထိုင်းနိုင်ငံအတွက်သာမက ကမ္ဘာအတွက်ပါ တန်ဖိုးရှိကြောင်း ဖြည့်စွက်ပြောကြားသွားပါတယ်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ အစိုးရအဖွဲ့ကလည်း မနေ့ညက လိုဏ်ဂူကြီးအနီးရှိ ကယ်ဆယ်ရေးလုပ်ငန်းတွေ လာရောက်စစ်ဆေးပြီး နိုင်ငံတကာက လာရောက်ကူညီတဲ့ ကယ်ဆယ်ရေးသမားတွေ၊ အဖွဲ့တွေကို နိုင်ငံခြားဝန်ကြီးဌာနကနေ တဆင့် ကျေးဇူးတင်ကြောင်း သဝဏ်လွှာ၊ ဂုဏ်ပြုလွှာတွေ ပို့ပေးဖို့၊ နိုင်ငံခြားရေငုပ်သမား၊ ကယ်ဆယ်ရေးသမားတွေကို ထိုင်းနိုင်ငံအနှံ့ အလည်အပတ် ပို့ဆောင်ပေးဖို့ မှာကြားသွားပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်း အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး အဖွဲ့အသီးသီးက ဒီကနေ့မှာ လာရောက်တွေ့ဆုံ ဖလှယ်ဖို့လည်း ရှိနေပါတယ်။ မယ်ဆိုင်မြို့ စာသင်ကျောင်းအသီးသီးက လက်ရွေးစင်ဘောလုံးသမားတွေနဲ့ စုစည်းထားတဲ့ မူပါ အကယ်ဒမီဘောလုံးအသင်း အဖွဲ့ဝင် ၁၃ ဦးတို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က ဒွိုင်နန်းနွန်းဂူကြီးအတွင်း ဝင်ရောက်လည်ပတ်ခဲ့ပြီး ဂူထဲကို တောင်ကျရေတွေ ဝင်ရောက်လာတာကြောင့် ထွက်မလာနိုင်တော့ဘဲ ပျောက်ဆုံးခဲ့တာပါ။ ပျောက်ဆုံးလူငယ်တွေ ရှာဖွေကယ်ဆယ်ရေးအတွက် ထိုင်းအစိုးရက နိုင်ငံတော်အဆင့် သတ်မှတ်ဆောင်ရွက်ရာမှာ ထိုင်းဘုရင့်တပ်မတော်က စစ်သည် ၁၀၄၆ ဦး၊ စီ ၁၃၀ လေယာဉ် ၁ စီး၊ ရဟတ်ယာဉ် ၃ စီး၊ ထိုင်းတော်ဝင်ရေတပ်က ရေငုပ်သမား ၈၄ ဦး၊ အောက်စီဂျင်ဘူး ၆၀၀၊ ကျန်းမာရေးဝန်ထမ်း ၁၀၀၊ ရဟတ်ယာဉ် ၆ စီး၊ ရဲနဲ့ ဒေသအုပ်ချုပ်ရေး အဖွဲ့ဝင် ၆၅၀၊ အမျိုးသားဥယျာဉ်၊ သားရိုင်းတိရစ္ဆာန်နှင့် သစ်တောထိန်းသိမ်းရေးဌာန ဝန်ထမ်း ၂၀၀၊  မြေအောက်ရေစုပ်စက်ကြီး ၃ လုံး၊ ဂူအနီးရှိ ရေစုပ်စက် အလုံး ၄၀ အသုံးပြုခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ဂူထဲကရေတွေ စုပ်ထုတ်တာကြောင့် အနီးနား ပတ်ဝန်းကျင်ရှိ ကျေးရွာအုပ်စု ၄ အုပ်စုက လယ်ယာမြေ ဧကပေါင်း ၁၀၀၀ ကျော် ရေမြုပ်ခဲ့ပါတယ်။ လယ်ပိုင်ရှင် ရွာသားတွေကတော့ စပါးပင်တွေသေရင် အစားထိုး ပြန်စိုက်လို့ရတယ်၊ ကလေးတွေသေရင် အစားပြန်မရနိုင်ဘူး ဆိုပြီး ရေကြီးမှုဒဏ်ကို ကြည်ကြည်ဖြူဖြူ လက်ခံခဲ့ကြပါတယ်။ ကလေးတွေ ပျောက်ဆုံးခဲ့တဲ့ ဒွိုင်နန်းနွန်းဂူကြီးဟာ ရှေးခေတ် ဘုရင့်သမီးတော်တပါးနဲ့ မြင်းထိန်းသမားတဦးတို့ရဲ့ ကြေကွဲဖွယ်ရာ အချစ်ဇာတ်လမ်း နိဂုံးချုပ်ရာ ဒဏ္ဍာရီဆန်ဆန် ပုံပြင်ရှိတာကြောင့် ဒီဂူကြီးထဲ ကလေး ၁၃ ဦး ပျောက်ဆုံးမှုဟာ ထူးခြားဖြစ်စဉ်အဖြစ် လူအများရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။ ဒါ့အပြင် ဂူထဲပိတ်မိနေတဲ့ ကလေးအများစုဟာ မြန်မာဘက်ခြမ်းကနေ ရွှေ့ပြောင်းနေထိုင်လာတဲ့ တိုင်းရင်းသားလူမျိုးစုရဲ့ ကလေးတွေဖြစ်ပြီး ကလေးတွေကို ဂူထဲကနေ ဘေးမသီရန်မခ တစုတစည်းတည်းရှိနေအောင် ထိန်းသိမ်းစောင့်ရှောက်တတ်တဲ့  နည်းပြဆရာရဲ့ အရည်အချင်းနဲ့ ဘဝကောက်ကြောင်း၊ ဘာသာစကား ၄ မျိုးတတ်ပြီး အားကစားရော အနုပညာနဲ့ ကျောင်းစာမှာပါ ဘက်စုံထူးချွန်တဲ့ မြန်မာပြည်ဖွား ဝ တိုင်းရင်းသားကလေး ၁ ယောက်တို့ အကြောင်းဟာလည်း စိတ်ဝင်စားစရာတွေနဲ့ ပြည့်နေတာမို့ သတင်းမီဒီယာတွေက ဒီကယ်ဆယ်ရေးလုပ်ငန်းမှာ ရှုထောင့်မျိုးစုံကနေ ထုတ်ဖော်တင်ဆက်ခဲ့ကြပါတယ်။ ကလေး ၁၃ ဦး ဂူထဲပျောက်ဆုံးပုံနဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံက ရုပ်သံဇာတ်လမ်းတိုတခု ထုတ်လွှင့်သွားတာ တွေ့ရသလို ဟောလိဝုဒ်ကလည်း ရုပ်ရှင်ရိုက်ဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းမှာ ပြည်တွင်းပြည်ပ သတင်းဌာနနဲ့ လူမှုကွန်ရက် အပါအဝင် သတင်းထောက်ပေါင်း ၁၀၀၀ ကျော် လာရောက်စခန်းချ သတင်းယူခဲ့ကြပါတယ်။
3 years Ago
Up