လိုင်းယွန်းအဲ

January 15, 2019

ပျက်ကျခဲ့သည့် လိုင်းယွန်းအဲလေယာဉ်မှ လေယာဉ်မှူးအခန်းတွင်း အသံဖမ်းစက် ရှာတွေ့

လွန်ခဲ့တဲ့ ၂ လကျော်က ဂျကာတာမြို့နားမှာ ပင်လယ်ထဲ ပျက်ကျခဲ့တဲ့ လိုင်းယွန်းအဲ (Lion Air) လေကြောင်းလိုင်းပိုင် လေယာဉ်က လေယာဉ်မှူးအခန်းတွင်း အသံဖမ်းစက်ကို အင်ဒိုနီးရှားအစိုးရက ရှာတွေ့ပြီလို့ ရှာဖွေရေးအရာရှိတွေက ဇန်နဝါရီ ၁၄ ရက်မှာ ပြောပါတယ်။ လေယာဉ်ပျက်ကျမှုကြောင့် လိုက်ပါလာသူ လူ ၁၈၉ ဦး သေဆုံးခဲ့တာပါ။ လေကြောင်းခရီးစဉ် အမှတ် JT610 ဟာ အောက်တိုဘာ ၂၉ ရက်က မြို့တော် ဂျကာတာကနေ ပျံတက်အပြီး မြောက်ပိုင်းက သံဖြူသတ္တုတွင်းမြို့ ပန်ကယ်ပီနန်ကို အသွား ၁၃ မိနစ်အကြာမှာ အဆက်အသွယ် ပြတ်ခဲ့တာပါ။ ဒီပျက်ကျမှုဟာ ဘိုးရင်း 737 MAX jet လေယာဉ်တစီး ကမ္ဘာပေါ်မှာ ပထမဆုံး ပျက်ကျမှုဖြစ်သလို ၂၀၁၈ မှာ လူသေဆုံးမှုအများဆုံး လေယာဉ်ပျက်ကျမှုလည်း ဖြစ်ပါတယ်။ အသံဖမ်းစက်ကနေ အားနည်းတဲ့ အချက်ပြမှုကို ရက်အတော်များများ ကြာအောင် ထောက်လှမ်းနိုင်ခဲ့တယ်၊ နောက်ဆုံးမှာ ရေအောက် မီတာ ၃၀ အနက်က ရွှံ့ ၈ မီတာအနက်မှာ မြုပ်နေတဲ့စက်ကို ရှာတွေ့ခဲ့တယ်လို့ ရေတပ် ဒုဗိုလ်မှူးကြီး အာဂံ နူဂရိုဟိုက ပြောပါတယ်။ လေယာဉ်မှူးအခန်းတွင်း အသံဖမ်းစက်ဟာ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးရာမှာ အရေးကြီးတဲ့ သေတ္တာနက် နှစ်ခုထဲက တခု ဖြစ်ပါတယ်။ နောက်ထပ် သေတ္တာနက်တခုဖြစ်တဲ့ လေကြောင်းခရီးစဉ် သတင်းအချက်အလက် မှတ်တမ်းကို လေယာဉ်ပျက်ကျအပြီး ၃ ရက်အကြာမှာ ရှာတွေ့ပြီးသား ဖြစ်ပါတယ်။
2 years Ago
Up