လိုင်စင်မဲ့အလှပြုပြင်ရေးဆေးခန်း

December 30, 2016

လိုင်စင်မဲ့ အလှပြုပြင်ရေးဆေးခန်းဖွင့်ပြီး ဆရာဝန်ဟန်ဆောင်ခဲ့သည့် အမျိုးသမီးကို ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ခွန်ကရန်မြို့မှ အသက် ၂၄ နှစ်အရွယ် လှပတဲ့ မိန်းကလေးတဦးဟာ ရာနဲ့ချီတဲ့ ဒေသခံတွေကို သူ့လိုလှပအောင် ပြုပြင်ကုသပေးမယ်ဆိုကာ လိမ်လည်ခဲ့ပါတယ်။ ဒေသခံတွေက သူ့ကို ဒေါက်တာဝဲဒါအိုလို့ အသိများပြီး သူ့ရဲ့ အလှပြုပြင်ရေး ဆေးခန်းဟာ လိုင်စင်မဲ့ ဖွင့်လှစ်ထားခဲ့တာဖြစ်တယ်လို့ ဒေးလီးနယူးစ်သတင်းမှာ ဖော်ပြပါတယ်။ အဲဒီဆေးခန်းဟာ ဆီရိနူရယ်လမ်းမှ သူ့ရဲ့နေအိမ်မှာ ဖွင့်လှစ်ထားခဲ့တာဖြစ်ပြီး နေ့စဉ် လူပေါင်း ၂ ဒါဇင်၊ ၃ ဒါဇင်လောက်ကို ပြုပြင်ကုသပေးနေတာလို့ ဆိုပါတယ်။ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ရဲတွေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေဟာ ဆေးခန်းတွင်း စီးနင်းစစ်ဆေးခဲ့ချိန်မှာတော့ ဆယ်ကျော်သက်အရွယ် လူနာ ၅ ဦးဟာ ကုသခံဖို့ စောင့်ဆိုင်းနေခဲ့ကြတာကို တွေ့ခဲ့ရတာပါ။ သူတို့ဟာ ဒီဆေးခန်းကို ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် သိရှိခဲ့ကြတာလို့ ဆိုပါတယ်။ ဒေါက်တာဝဲဒါအိုရဲ့ အမည်ရင်းဟာ နက်သရာ အမ်ဖိုင်ပွန်ခန်ခွန်ဖြစ်ပြီး ဒီဆေးခန်းကို  လိုင်စင်မရှိဘဲ ဖွင့်လှစ်ခဲ့တာ ၂ နှစ်၊ ၃ နှစ်လောက်ရှိပြီလို့ ဆိုပါတယ်။ သူ့ရဲ့မိသားစုဝင်တွေကလည်း ကူညီခဲ့ကြပြီး ဆေးခန်းတွင်းမှာ ဆေးဝါးတွေ၊ အလှအပပြုပြင်ရေးဆိုင်ရာ ကိရိယာတွေကို လက်ရဖမ်းဆီးနိုင်ခဲ့တာပါ။ ဒေါက်တာဝဲဒါအိုက သူဟာ အရင်က အလှအပပြုပြင်ရေးဆိုင်ရာ ဆေးခန်းတခုမှာ လုပ်ခဲ့ဖူးပြီး သင်ယူလေ့လာခဲ့ကာ ဖေ့စ်ဘွတ်ခ်ပေါ်ကတဆင့် ဆရာဝန်တဦးအဖြစ် ဟန်ဆောင်ကြေညာခဲ့တာလို့ ဝန်ခံထွက်ဆိုပါတယ်။ လက်ရှိမှာတော့ သူ့ကို အလှအပ ခွဲစိတ်ပြုပြင်ရေးဆိုင်ရာ ဆေးဝါးတွေကို တရားမဝင် လက်ဝယ်ထားရှိမှု၊ တရားမဝင် ခွဲစိတ်ကုသခဲ့မှုတွေအတွက် အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up