လိုက်ပ်ဇစ်

May 16, 2018

လိုက်ပ်ဇစ်ကွင်းလယ်လူ ကီတာ လီဗာပူးသို့ ရောက်ရှိမည်

ဂျာမန် ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်အသင်းနဲ့အတူ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပြနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမား နာဘီကီတာဟာ လာမယ့်ရာသီမှာ လီဗာပူးအသင်းကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ အစောပိုင်း သဘောတူညီချက်တွေအရ အင်္ဂလန်ကလပ်ကို ပြောင်းရွှေ့ဖို့ သေချာနေခဲ့တဲ့ ကီတာကို လိုက်ပ်ဇစ်အသင်း ပရိသတ်တွေက နွေးထွေးစွာ နှုတ်ဆက်ခဲ့တာအပြင် လီဗာပူးစာတန်းပါ မာဖလာ ခြုံထားတဲ့ ဓာတ်ပုံကြောင့် လာမယ့်ရာသီ လီဗာပူးအသင်းမှာ ကစားဖို့ သေချာသွားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ကီတာကို ပေါင် ၅၂ ဒသမ ၇၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး လာမယ့်ရာသီ လီဗာပူးအသင်းရဲ့ ကွင်းလယ်မှာ မြင်တွေ့ရမှာပါ။ အသက် ၂၃ နှစ်အရွယ် ဂီနီလက်ရွေးစင် ကီတာဟာ လိုက်ပ်ဇစ်အသင်းကို ယူရိုပါလိဂ် ကွာတားဖိုင်နယ် တက်ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ကစားသမားထဲက အဓိက ကစားသမား ဖြစ်ပါတယ်။ လိုက်ပ်ဇစ်အသင်းအတွက် ၇၁ ပွဲကစား ၁၇ ဂိုး သွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု ၁၅ ကြိမ် ပြုလုပ်ပေးခဲ့တဲ့ ကီတာကို ဝစ်ခ်ျနယ်လ်ဒမ်၊ ဟန်ဒါဆင်၊ လာလယ်နာ၊ မာနေး၊ မီလ်နာတို့နဲ့ တွဲဖက်ကစားစေပြီး ကွင်းလယ်နဲ့ တိုက်စစ် အချိတ်အဆက် ပိုမိစေဖို့ နည်းပြကလော့ပ်က ရည်ရွယ်နေတာလည်း ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ အခုနှစ်ရာသီမှာ ဆာလက်၊ ဖာမီနို၊ မာနေး အစရှိတဲ့ ကစားသမား ၃ ဦး ခြေစွမ်းပြနိုင်မှုနဲ့အတူ ပရီးမီးယားလိဂ်မှာလည်း အဆင့် ၄ နေရာရရှိပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့သလို အခုနှစ် ချန်ပီယံလိဂ်မှာလည်း ဗိုလ်လုပွဲအဆင့်ကို ရောက်ရှိနေခဲ့ပါတယ်။ ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ တွေ့ဆုံနေလို့ ခက်ခဲနေခဲ့ပေမယ့် ချန်ပီယံ ၅ ကြိမ်ဖြစ်ထားတဲ့ လီဗာပူးအနေနဲ့ တကျော့ပြန် ဥရောပပြိုင်ပွဲမှာ အောင်ပွဲရရှိနိုင်ဖို့ မျှော်လင့်နေပါတယ်။
4 years Ago
Up