လုပ်ငန်းရှင်များ

December 17, 2020

ပုသိမ်မြို့က ကိုဗစ်ချေးငွေမရသည့် လုပ်ငန်းရှင်များ လုပ်ငန်းလည်ပတ်ရန် အခက်အခဲရှိနေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ နိုင်ငံတော်အစိုးရက ထုတ်ချေးတဲ့ ကိုဗစ်ချေးငွေ မရရှိတဲ့ လုပ်ငန်းရှင်တချို့ လုပ်ငန်းလည်ပတ်ဖို့ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။ ကိုဗစ်ချေးငွေရရှိဖို့အတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ တင်ပြလျှောက် ထားခဲ့ပေမယ့် ပယ်ချခံရလို့  လုပ်ငန်းလည်ပတ်ဖို့အတွက် အခက်အခဲတွေရှိလာတယ်လို့ လုပ်ငန်းရှင်တွေက ဒီဗွီဘီကို ပြောပါတယ်။ ပုသိမ်မြို့နယ်က သီဟိုဠ်ခြံပိုင်ရှင် ဦးအောင်ကျော်မိုးက  "သတ်မှတ်ထားတဲ့ အချက် ၉ ချက်ပြည့်စုံအောင် ကျနော်တို့ တင်ပါတယ်။ ပြည့်စုံလို့လည်း ကျနော်တို့ကို လက်ခံဖြတ်ပိုင်းလေးပြန်ပေးပါတယ်။ ခုမ မကိုက်ညီဘူးပြောပြီး အစိုးရက ချပေးတဲ့ပိုက်ဆံတွေကို ပြန်အပ်လိုက်တော့ ကျနော်တို့ လုပ်ငန်းရှင်တွေအတွက် နစ်နာပါတယ်"လို့ ပြောပါတယ်။ နိုင်ငံတော်အစိုးရရဲ့ ကိုဗစ်ချေးငွေကို ကိုဗစ်ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုတွေအပေါ် ကုစားရေးကော်မတီ အနေနဲ့ အစည်းအဝေးဆုံးဖြတ်ချက်တွေပြုလုပ်ပြီး ဒုတိယအကြိမ် ချေးငွေ ဘီလီယံ ၁၀၀ ကို ၃ ခါခွဲပေးရာမှာလည်း မမျှတမှုတွေရှိနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ နိုင်ငံတော်အစိုးရရဲ့ ကိုဗစ်ချေးငွေကို ဒုတိယအကြိမ်မှာ လျှောက်ထားတဲ့ လုပ်ငန်းရှင်ပေါင်း  ၁၇၂၁ ဦးရှိတဲ့အနက် ၆၄၂ ဦးသာ ရရှိခဲ့တယ်လို့ တိုင်းကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။ တိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်က "ဒီတစ်ကြိမ်မှာ ကျန်ခဲ့တဲ့သူတွေကတော့ သူတို့က ဦးစားပေးလုပ်တာ ခေါင်းစဉ်နဲ့ အဲ့တာကို ဒီဘက်က ခေါင်းစဉ်ထဲမပါတဲ့ လူတွေလည်း လာလျှောက်တယ်။ အစ်ကိုတို့ကလည်း ရပါစေဆိုပြီး တင်ပေးတယ်။ အဲ့တော့ ခေါင်းစဉ်ထဲ မပါတဲ့လူတွေနဲ့ အထောက်အထားမပြည့်စုံလို့ကျန်ခဲ့တဲ့ လူတွေများတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။ အစိုးရရဲ့လုပ်ငန်းရှင်တွေကိုထုတ်ချေးတဲ့ ကိုဗစ် ချေးငွေကို စက်တင်ဘာလက လုပ်ငန်း ၁၀၄၁ ခုကို ၂၀ ဘီလီယံကျော်၊ အောက်တိုဘာလက လုပ်ငန်း ၁၂၀၀ ခုကို ၂၁ ဘီလီယံကျော်နဲ့ နိုဝင်ဘာလက လုပ်ငန်း ၆၉၈ ခုကို ၂၂ ဘီလီယံကျော်ကို ထုတ်ချေးခဲ့တာပါ။ အခုလို့ ၃ ကြိမ်ခွဲထုတ်ပေးရာမှာလည်း လုပ်ငန်းအရေအတွက်နဲ့ ချေးငွေပမာဏကွာဟမှု တွေ ရှိနေတာကြောင့် တာဝန်ရှိသူတွေကို ပြန်လည် စိစစ်ပေးစေချင်တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
4 months Ago

August 2, 2020

ရေထွက်ကုန် ထိုင်းဘက်တင်ပို့ရာတွင် ဌာနဆိုင်ရာကို ငွေကြေးပေးရဟု လုပ်ငန်းရှင်များပြော

တနင်္သာရီ ကမ်းရိုးတန်းပင်လယ်ပြင်ထဲက ဖမ်းဆီးရမိတဲ့ ရေထွက်ကုန်တွေကို ကော့သောင်းနယ်စပ်ကနေတဆင့် ထိုင်းနိုင်ငံထဲ သွားရောက်ရောင်းချတဲ့နေရာမှာ ဌာနဆိုင်ရာတွေကို တရားမဝင် ငွေကြေးပေးရတာမျိုးတွေရှိတယ်လို့ ရေလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။  ရေထွက်ကုန်ပစ္စည်းတွေဟာ အချိန်နဲ့တပြေးညီ ဆောင်ရွက်ရတဲ့လုပ်ငန်းဖြစ်ပြီး အချိန်ကြာမြင့်တာနဲ့အတူ တဖက်နိုင်ငံကို သွားရောင်းချတဲ့နေရာမှာ ဈေးကောင်းရရှိဖို့ ခက်ခဲတာကြောင့် အဲဒီအခြေအနေပေါ်မှာ ဌာနဆိုင်ရာတွေက လုပ်ကိုင်ခွင့်ကို အလွဲသုံးစား ပြုလုပ်နေတာတွေ ရှိတဲ့အတွက် အခုလို ပေးနေရတာလို့ ရေလုပ်ငန်းရှင်တဦးက ပြောပါတယ်။  “အခွန်အခပေးတာမဟုတ်ဘဲနဲ့ စာရွက်စာတမ်းတွေ အကုန်လုံးကို ကျနော်တို့က ငွေနဲ့ လမ်းခင်းပြီးတော့ လုပ်ရတယ်။ ပထမ ငါးဦးစီးကို ၁ သောင်း၊ ကာစတန်ကို ၁ သောင်း၊ အီးဒီ ၁ သောင်း။ ဒါက နိုင်ငံတော်ကိုပေးရတာ မဟုတ်ဘူး။ ဒါတွေအကုန်လုံးက သူတို့ လက်မှတ်ထိုးပေးရတာ။ အဲဒီလက်မှတ်ထိုးပေးတဲ့အပေါ်မှာ လက်မှတ်မြန်မြန်ထိုးပေးအောင် ကျနော်တို့က ပေးမှ ရမယ်။ မပေးတဲ့ကုမ္ပဏီဆိုရင် လက်မှတ်ထိုးပေးတာတွေလည်း မထွက်ဘူး။ မပေးရင် မထွက်ဘူး။” အဲဒီလို ငွေကြေးပေးရတာမျိုးတွေ ဖြစ်ပေါ်နေတဲ့အတွက် လုပ်ငန်းရှင်နဲ့ ဌာနဆိုင်ရာ နှစ်ဖက် ပူးပေါင်းပြီး ကုန်ချိန် ငါးတန်ဖိုးနဲ့ ငါးအမျိုးအစားကို အမှန်မပြမှုတွေရှိတာကြောင့် တိုင်းပြည်အတွက် အခွန်ခတွေ အများကြီးနစ်နာနေတယ်လို့လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက  ပြောပါတယ်။ “ငါး ဆိုတာက ကုန်စိုဖြစ်ပြီး ပုပ်တတ်တဲ့အမျိုးဖြစ်တဲ့အတွက် ဒီအခြေအနေမှာ အခွင့်ကောင်းယူပြီး သက်ဆိုင်ရာဌာနကို မိမိရဲ့အလုပ် မြန်ဆန်အောင် လာဘ်ထိုးတာပေါ့။ သက်ဆိုင်ရာဌာနကလည်း ဒီအခြေအနေကို အခွင့်ကောင်းယူပြီး အမြန်လိုရင် လိုသလို လုပ်ကြတယ်လို့ ကျနော်တို့ ကြားရတယ်။ အဲဒီလို ကုန်ချိန်လျှော့ပြတယ်၊ ငါးအမျိုးအစားကို မမှန် ပြတယ်။ အဲဒီလိုအခြေအနေကို မူတည်ပြီးတော့ သက်ဆိုင်ရာဌာနတွေနဲ့ လုပ်ငန်းရှင်တွေ နှစ်ဖက်လုံး ကောင်းသွားတာပေါ့။ သွားနစ်နာတာက နိုင်ငံတော်မှာ  အခွန်အခပေါ့။” နိုင်ငံတော်အနေနဲ့ အခွန်အခ နစ်နာတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောဆိုနေတာတွေ ရှိနေပေမယ့် တနင်္သာရီတိုင်းမှာတော့ တစ်နှစ်ထက်တစ်နှစ် ပို့ကုန်တန်ဖိုး မြင့်မားလာနေတယ်လို့လည်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် တိုင်းဦးစီးမှူး ဦးသံချောင်းက ပြောပါတယ်။ “ဒေသမှာရှိတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဌာနလုပ်ငန်းရဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ သွားရောက်ကြည့်ရှုလေ့လာတာတွေ ရှိတယ်။ ဒီလို နစ်နာဆုံးရှုံးသွားတယ်လို့သာ ပြောတာ တနင်္သာရီတိုင်းကတော့ တနှစ်ထက် တနှစ် ပို့ကုန်တန်ဖိုးကတော့ မြင့်လာတယ်။” ရေထွက်ကုန်တွေကို တဖက်နိုင်ငံ ငါးဈေးကွက်ကို သွားရောက်ရောင်းချတဲ့နေရာမှာ သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့ တွေအနေနဲ့ ပို့ကုန်တွေကို အတိအကျ စစ်ဆေးနိုင်တဲ့ အခြေအနေမျိုးမဟုတ်ဘဲ သင်္ဘောပေါ်မှာတင် မျက်မြင်အနေထားနဲ့သာ ကုန်ချိန်နဲ့ ငါးတန်ဖိုးအမျိုးအစားကို ခန့်မှန်းတွက်ချက်ပြီး ဆောင်ရွက်နေကြတာလည်း ဖြစ်ပါတယ်။  အဲဒီလိုအခြေနေတွေကြောင့် တနင်္သာရီတိုင်းထဲက မြိတ်ခရိုင်တစ်ခုတည်းမှာတင် တနှစ်ကို အခွန်ငွေ ဘီလီယံ ၃၀ လောက် နစ်နာနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်မှာ ဆွေးနွေးခဲ့တာရှိပါတယ်။ အောင်ကျော်
9 months Ago
Up