လုပ်ငန်းခွင်

March 4, 2021

မန္တလေးတိုင်း ကျောင်းဆရာ/ဆရာမများ လုပ်ငန်းခွင်ပြန်ဝင်ရေး ဖိအားပေးခံရ

မန္တလေးတိုင်း အခြေခံပညာအဆင့် ဆရာ၊ ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ကြဖို့ ပညာရေးဌာနအတွင်း လျှို့ဝှက်စာ ထွက်ပြီး ဖိအားပေးခံနေရတယ်လို့ အခြေခံပညာ ဆရာ/ဆရာမတွေက ပြောပါတယ်။

မတ် ၁ ရက်ကစပြီး လုပ်ငန်းခွင်ဝင်ရောက်ဖို့ ပျက်ကွက်နေကြတဲ့ ပညာရေးဝန်ထမ်းတွေ အနေနဲ့ လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်ကြဖို့၊ မတ် ၄ ရက်အထိ လုပ်ငန်းခွင် မရောက်ပါက ထပ်မံဆက်သွယ် အကြောင်းကြားမှာဖြစ်ပြီး မတ် ၁၅ ရက်အထိ နောက်ဆုံးထားကာ လုပ်ငန်းခွင် ဝင်ရောက်ကြဖို့ အသိပေးအကြောင်းကြားမယ်လို့ တိုင်းဒေသကြီး ပညာရေးမှူးရုံးရဲ့ စာမှာ ဖော်ပြထားပါတယ်။

မတ် ၁၆ ရက်နေ့အထိ လုပ်ငန်းခွင် ဝင်ရောက်ခြင်းမရှိပါက ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး မတ်လ ၁၉ ရက်နေ့မှာ ဌာနဆိုင်ရာ စစ်ဆေးမှု ဆောင်ရွက်မယ်လို့ သိရပါတယ်။ 

မတ်လ ၂၃ ရက်မှာတော့ ဌာနဆိုင်ရာ စစ်ဆေးမှူးတွေကို ဌာနအဆင့်ဆင့် ပြန်လည် တင်ပြရမယ်လို့ သိရပါတယ်။

ပညာရေးဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းခွင်ပြန်လည် ဝင်ရောက်ကြဖို့ အသိပေးပြီးတဲ့ နောက်မှာ နှစ်ရက်အတွင်း တက်ရောက်ခြင်း မရှိခဲ့ပါက စာနဲ့ သတိပေးဖို့၊ ငါးရက်အတွင်း အလုပ်မဝင်ပါက နှစ်တိုး ရပ်ဆိုင်းဖို့၊ ၁၀ ရက်အတွင်း အလုပ်မဝင်ပါက လစာနှုန်းအတွင်းကနေ လစာလျှော့ဖို့၊ ၁၄ ရက်အတွင်း အလုပ်မဝင်ပါက အလှည့်ကျ ရာထူးတိုး ရပ်ဆိုင်းဖို့ ညွှန်ကြားထားပါတယ်။

ဒါ့အပြင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှုမှာ  ၁၄ ရက်အထက် ပါဝင်သူတွေကို ရာထူးအဆင့် လျှော့ချဖို့၊ စစ်အာဏာရှင် တော်လှန်ရေးလှုပ်ရှားမှုမှာ ဦးဆောင်ပါက ရာထူးကနေ ထုတ်ပယ်မှာ ဖြစ်တဲ့အပြင် လှုပ်ရှားမှုမှာ ခေါင်းဆောင်ပြီး တခြားသူတွေကိုပါ လှုံ့ဆော်ပါက ဝန်ထမ်း အဖြစ်ကနေ ထုတ်ပယ်ဖို့ ညွှန်ကြားထားပါတယ်။

1 month Ago

August 27, 2020

ဆန္ဒပြ ဆရာဝန်များ လုပ်ငန်းခွင် ပြန်ဝင်ကြရန် တောင်ကိုရီးယားအစိုးရ အမိန့်ထုတ်

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ ဆန္ဒပြနေတဲ့ ဆရာဝန်တွေ လုပ်ငန်းခွင် ပြန်ဝင်ကြဖို့ အစိုးရက သြဂုတ် ၂၆ ရက်မှာ အမိန့်ထုတ်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်လို ကျန်းမာရေးအကြပ်အတည်းကာလကို ကိုင်တွယ်ဖြေရှင်းဖို့ ဆရာဝန်အရေအတွက် တိုးမြှင့်ရေးအပါအဝင် အစိုးရအဆိုပြုချက် အတော်များများပါဝင်တဲ့ ၃ ရက်ကြာ ဆန္ဒပြပွဲကို ဆရာဝန်တွေက စတင်ခဲ့တာပါ။ အရပ်သားတွေရဲ့အသက်နဲ့ ဘေးကင်းမှုအန္တရာယ် မကျအောင်လုပ်ဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်ဖို့ လိုအပ်တဲ့ ဥပဒေအရ အရေးယူမှုတွေကို လုပ်ဖို့က လွဲလို့ အစိုးရမှာ တခြားရွေးစရာ မရှိတော့ဘူးလို့ ကျန်းမာရေးဝန်ကြီး ပတ်ခ်နောင်းဟူးက သြဂုတ် ၂၆ ရက် သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောပါတယ်။ ဗုဒ္ဓဟူးနေ့မှာ စတဲ့ ၃ ရက်ကြာ ဆန္ဒပြပွဲကို ထောင်ချီတဲ့ ဆရာဝန်တွေအပြင် အလုပ်သင်ဆရာဝန်တွေပါ ပူးပေါင်းခဲ့ပါတယ်။ တောင်ကိုရီးယားမှာ သြဂုတ် ၂၅ ရက်က ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်ခံ လူနာသစ် အယောက် ၃၂၀ ထိ စံချိန်တင်တိုးနေချိန်မှာ ဆရာဝန်တွေရဲ့ ချီတက် ဆန္ဒပြပွဲ ပေါ်ပေါက်ခဲ့တာပါ။  ဆန္ဒပြပွဲကြောင့် နိုင်ငံတွင်း အဓိကအထွေထွေရောဂါကုဆေးရုံကြီး ငါးရုံမှာ အလုပ်ချိန် ကန့်သတ်ခဲ့ရပြီး ခွဲစိတ်မယ့် အစီအစဉ်တွေကိုလည်း ရွှေ့ဆိုင်းခဲ့ရတယ်လို့ ယုံဟပ်သတင်းမှာ ဖော်ပြပါတယ်။  ဒီအပတ်အစောပိုင်းမှာ အစိုးရနဲ့ ဆရာဝန်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာတွေကို ဆက်လက် ကိုင်တွယ်ရေးသဘောတူညီချက် ရခဲ့ပေမယ့် ပိုကျယ်ပြန့်တဲ့ကိစ္စတွေကို ညှိနှိုင်းလို့ မရခဲ့ပါဘူး။
8 months Ago
Up