အီရန်ထိပ်တန်းဗိုလ်ချုပ်ကြီး ကာဆန်ဆူလေမန်နီ လုပ်ကြံခံရပြီး တစ်နှစ်အကြာ တော်လှန်ရေးကို ဆက်လုပ်သွားမယ်လို့ အီရန်အကြီးတန်းတပ်မှူးက ဇန်နဝါရီ ၁ ရက်မှာ ပြောဆိုလိုက်ပါတယ်။
၂၀၂၀ ဇန်နဝါရီလ ၃ ရက်က အီရန်တော်လှန်ရေး အစောင့်တပ်ရဲ့ ကွတ်တပ်ဖွဲ့ ခေါင်းဆောင် ဆူလေမန်နီကို အမေရိကန်ဒရုန်းယာဉ်နဲ့ သုတ်သင်ခဲ့ပါတယ်။
ဒေသတွင်းက အမေရိကန်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်နေတဲ့ အီရန်မဟာမိတ် စစ်သွေးကြွတွေကို ဆူလေမန်နီက ကြိုးကိုင်နေတယ်ဆိုပြီး အမေရိကန်အစိုးရက စွပ်စွဲခဲ့ပါတယ်။
ကွတ်တပ်ဖွဲ့ ခေါင်းဆောင်အဖြစ် ဆူလေမန်နီနေရာကို ဆက်ခံတဲ့ အစ္စမေးလ်ဂါနီကလည်း အီရန်အနေနဲ့ တုံ့ပြန်ဖို့ အသင့်ရှိနေဆဲလို့ ဇန်နဝါရီ ၁ ရက်မှာ ပြောဆိုပါတယ်။
ဒီဇင်ဘာ ၃၀ ရက်က အမေရိကန် B-52 ဗုံးကြဲလေယာဉ် နှစ်စင်းဟာ အရှေ့အလယ်ပိုင်း ဒေသ ကောင်းကင်ယံမှာ ပျံသန်းခဲ့ပါတယ်။ ဒါဟာ ဆူလေမန်နီ လုပ်ကြံခံရတဲ့ တစ်နှစ်ပြည့် အခမ်းအနားမတိုင်မီ ခြောက်လှန့်တဲ့ သတင်းစကားဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ဆိုပါတယ်။
သမ္မတ ထရမ့်ဟာ အီရန်ကို တိုက်ခိုက်ဖို့ ရမယ်ရှာနေတယ်လို့ ပြောဆိုလိုက်ပြီး အီရန်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် အပြည့်အ၀ ကာကွယ်သွားမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗစ်ဇာရစ်က ပြောဆိုထားပါတယ်။
အီရန်ဗိုလ်ချုပ်ကြီး ဆူလေမန်နီ လုပ်ကြံခံရတဲ့ တစ်နှစ်ပြည့်အခမ်းအနားကို လက်ဘနွန်၊ အီရတ်၊ ဆီးရီးယား၊ ယီမင်နဲ့ ဂါဇာဒေသတို့က အီရန်ရဲ့ ဒေသတွင်း မဟာမိတ်တွေနဲ့ အဖွဲ့အစည်း ကိုယ်စားလှယ်တွေ တက်ရောက်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 months Ago