အီရန်နိုင်ငံရဲ့ ထိပ်တန်းနျူကလီးယား သိပ္ပံပညာရှင် မိုဆန်ဖာခရီဇာဒယ် အသတ်ခံရအပြီး နိုဝင်ဘာ ၂၈ ရက်မှာ တီဟီရန်မြို့တော်မှာ ဆန္ဒပြခဲ့ကြပြီး အမေရိကန်နဲ့ အစ္စရေး အလံတွေကို မီးရှို့ခဲ့ကြပါတယ်။
မိုဆန်ဟာ အီရန်လက်နက် ထုတ်လုပ်ရေး လျှို့ဝှက်အစီအစဉ်ရဲ့ ထိပ်တန်းဗိသုကာ ဖြစ်တဲ့ ပညာရှင်လို့ အနောက်နိုင်ငံတွေနဲ့ အစ္စရေးတို့က ယုံကြည်ထားကြပါတယ်။
သူဟာ အီရန်ကာကွယ်ရေးဝန်ကြီးဌာန သုတေသနဌာန အကြီးအကဲလည်း ဖြစ်သလို ဒီနှစ်အတွင်း လုပ်ကြံခံရတဲ့ ဒုတိယမြောက် အကြီးတန်း စစ်ဘက်အရာရှိလည်း ဖြစ်ပါတယ်။
မိုဆန် သေဆုံးမှုအတွက် တုံ့ပြန်မယ်လို့ အီရန် သမ္မတ ဟတ်ဆန် ရောင်ဟာနီက နိုဝင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။ သူ့ကြေညာချက်ကြောင့် အနောက်နိုင်ငံတွေနဲ့ အစ္စရေးတို့ ထိပ်တိုက်တွေ့ မယ့် အလားအလာ ခြိမ်းခြောက်မှုတွေ တိုးနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
တက္ကသိုလ်ကျောင်းသားတွေကလည်း စုရုံးဆန္ဒပြကြပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အပြင်ဘက်မှာ အမေရိကန် နဲ့ အစ္စရေးအလံတွေကို မီးရှို့ခဲ့ကြပါတယ်။
အီရန်ရဲ့ ခေါင်းဆောင် ခါမေးနီကလည်း မိုဆန်ရဲ့ အလုပ်တွေကို ဆက်လုပ်ဖို့ ကတိပြုခဲ့ပါတယ်။
မိုဆန်ဟာ အီရန်မှာ လူသိနည်းပေမယ့် အစ္စရေးကတော့ သူဟာ အီရန် နျူကလီးယား လက်နက်အစီအစဉ်ရဲ့ အဓိက ကြိုးကိုင်သူအဖြစ် သတ်မှတ်ထားပါတယ်။
သူဟာ နိုဝင်ဘာ ၂၇ ရက်နေ့ တီရန်မြို့နားမှာ ချုံခိုတိုက်ခိုက်ခံရအပြီး သူ့ကားအပေါ် ကျည်မိုးရွာခဲ့လို့ ဆေးရုံကို အမြန်တင်ပို့ခဲ့ပေမယ့် ဆေးရုံမှာပဲ သေဆုံးခဲ့ပါတယ်။ ဒီလုပ်ကြံမှုအတွက် အီရန် သမ္မတက အစ္စရေးကို အပြစ်တင်ခဲ့ပါတယ်။
မိုဆန်ဟာ အာဇာနည် တယောက်လို့ ခိုင်းနှိုင်းပြောဆိုပြီး အီရန် အရာရှိတွေအနေနဲ့ လုပ်ကြံမှုအတွက် တာဝန်ရှိသူတွေကို ဖမ်းဆီး အပြစ်ပေးဖို့ ခါမေးနီက နိုဝင်ဘာ ၂၈ ရက်မှာ တောင်းဆိုခဲ့ပါတယ်။
သူ အသတ်ခံရမှုနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ အစ္စရေးတို့က မှတ်ချက် တစုံတရာ မတုံ့ပြန်သေးပါဘူး။
အိမ်ဖြူတော်၊ အမေရိကန် အစိုးရအဖွဲ့ရုံး၊ ပင်တဂွန် စစ်ဌာနချုပ်နဲ့ ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA တို့က မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ယဉ်ယဉ်ကျေးကျေး ငြင်းဆိုခဲ့ကြပါတယ်။
5 months Ago