လုပ်ကြံခံရသည့် အစိုးရဆန့်ကျင်ရေးခေါင်းဆောင် ဈာပန ကမ္ဘောဒီးယားပြည်သူများ တက်ရောက် ဂါရ၀ပြု

July 12, 2016

လုပ်ကြံခံရသည့် အစိုးရဆန့်ကျင်ရေးခေါင်းဆောင် ဈာပန ကမ္ဘောဒီးယားပြည်သူများ တက်ရောက် ဂါရ၀ပြု

ကမ္ဘောဒီးယားနိုင်ငံသားတွေ ဇူလိုင် ၁၁ ရက်နေ့က မြို့တော် ဖနွမ်းပင်မှာ စုရုံးခဲ့ကြပြီး လုပ်ကြံသတ်ဖြတ်ခံရတဲ့ အစိုးရဆန့်ကျင်ရေးခေါင်းဆောင် ခမ်လေရဲ့ ဈာပနမှာ လေးစားကြောင်း ပြခဲ့ကြပါတယ်။ အသက် ၄၆ နှစ်အရွယ် ခမ်လေဟာ ဇူလိုင် ၁၀ ရက်နေ့က ဖနွမ်းပင်ရှိ ဓာတ်ငွေ့အရောင်းဆိုင်မှာ အသေ ပစ်သတ်ခံခဲ့ရတာပါ။ ကမ္ဘောဒီးယားနိုင်ငံအတွင်း ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ အတိုက်အခံတွေကြား နိုင်ငံရေး တင်းမာမှုတွေ တိုးနေချိန်မှာ ခုလို လုပ်ကြံခံရတာ ဖြစ်ပါတယ်။ လာမယ့်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေအတွက် သြဇာခြေကုပ်မြဲရေး ကြိုးစားနေတဲ့ ဟွန်ဆန်ကို အတိုက်အခံတွေက စိန်ခေါ်နိုင်ဖို့ မျှော်လင့်နေတာပါ။ ခမ်လေရဲ့ အလောင်းကို ကမ္ဘောဒီးယားအလံလွှမ်းပြီး ဝပ်ချတ်စ်စေတီရဲ့ ပရိဝုဏ်မှာ တဲထိုးထားရှိပါတယ်။ ရာနဲ့ချီတဲ့ ဝမ်းနည်းသူတွေနဲ့ ဆန္ဒပြသူတွေက တန်းစီ ဂါရဝပြုခဲ့ကြပြီး သူ့အလောင်းဘေးမှာ ပန်းတွေချထားရင်း သတ်ဖြတ်မှုကို ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။ လုပ်ကြံမှုနဲ့ ပတ်သက်ပြီး အသက် ၃၈ နှစ်အရွယ် သံသယရှိသူကို ဖမ်းဆီးခဲ့ပြီး သူကတော့ ငွေနဲ့ပတ်သက်တဲ့ အငြင်းပွားမှုအတွင်း ခမ်လေကို သတ်မိကြောင်း ဝန်ခံခဲ့တယ်လို့ ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကြေညာချက်က ဆိုပါတယ်။ ရပ်ဝေးက လေးစားသူတွေ လာပြီး ဂါရဝပြုနိုင်ဖို့ ခမ်လေရဲ့အလောင်းကို စေတီပရိဝုဏ်ထဲမှာ ၁၀ ရက်ထားရှိဖို့ စီစဉ်ထားတယ်လို့ မိသားစုဝင်တွေနဲ့ ထောက်ခံသူတွေက ပြောပါတယ်။
5 years Ago
Up