လုပ်ပွဲကစားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဗလင်စီယာအသင်းက ဖြေရှင်းချက် ထုတ်ပြန်လိုက်ပါတယ်။
လာလီဂါမှာ လုပ်ပွဲကစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကစားသမားနဲ့ အသင်းတာဝန်ရှိသူ ၁၁ ဦးကို ပြီးခဲ့တဲ့အင်္ဂါနေ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားဖို့ရှိတယ်လို့ သတင်းထွက်ပေါ်ခဲ့တာပါ။
လုပ်ပွဲသံသယရှိတဲ့ ပွဲစဉ်တွေကတော့ အခုနှစ် လာလီဂါ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဗယ်လာဒိုးလစ်နဲ့ ဗလင်စီယာပွဲစဉ်၊ ၂၀၁၈ ခုနှစ် မေလ ၂၇ ရက်က ကစားခဲ့တဲ့ စပိန် ပထမတန်းပွဲစဉ်ဖြစ်တဲ့ ဟက်စ်ကာနဲ့ နက်စ်တစ်ဒီတာရတ်ဂိုနာ ပွဲစဉ်နဲ့ တတိယတန်း ပွဲစဉ်တခု ပါဝင်တယ်လို့ ဆိုပါတယ်။
ဗလင်စီယာအသင်းဘက်ကတော့ အင်္ဂါနေ့မှာ ထွက်ပေါ်ခဲ့တဲ့ လုပ်ပွဲသံသယ ရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး လုံးဝ ပါဝင်ပတ်သက်မှုမရှိကြောင်း ဆိုခဲ့ပြီး မသေချာ မရေရာတဲ့ စွပ်စွဲချက်တွေက အသင်းကို နစ်နာစေတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
လုပ်ပွဲသံသယရှိတဲ့ ကစားသမားတွေထဲမှာ ဂီတာဖေးကနေ လိဒ်ယူနိုက်တက်အသင်းကို အငှားသွားကစားခဲ့တဲ့ ဆင်မြူရယ်ဆိုင်းဇ်လည်း ပါဝင်နေပြီး ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း ရာအူးလ်ဘရာဗိုလည်း ပါဝင်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် အနားယူသွားတဲ့ ကစားသမားတွေလည်း ပါဝင်နေသလို စပိန်ပထမတန်းနဲ့ ဒုတိယတန်းမှာ ကစားနေတဲ့ ကစားသမားတွေလည်း ပါဝင်ပြီး စုစုပေါင်း ၁၁ ဦးကို စုံစမ်းစစ်ဆေးမယ်လို့ စပိန်ရဲတပ်ဖွဲ့က ဆိုပါတယ်။
2 years Ago