လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းနှင့် ကျန်းမာရေးဥပဒေသစ် လွှတ်တော်ကိုပေးပို့ထား

April 28, 2019

လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနေ့အခမ်းအနား မုံရွာတွင် ကျင်းပ

နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ဧပြီ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနေ့အခမ်းအနားကို တတိယအကြိမ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက ဦးဆောင်ကာ မုံရွာမြို့မှာ ကျင်းပခဲ့ပါတယ်။ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနေ့ကို နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်းက ၂၀၀၃ ခုနှစ်ကစတင်ကာ ကမ္ဘာတဝှမ်းမှာ လုပ်ငန်းခွင်ဆိုင်ရာ မတော်တဆ ထိခိုက်မှု၊ ရောဂါခံစားရမှုတွေ ကြိုတင်ကာကွယ်ရေးကို အဆင့်မြှင့်တင်နိုင်ဖို့ ရည်ရွယ်ပြီး သတ်မှတ်ခဲ့တာပါ။ ဒီအခမ်းအနားကို မြန်မာနိုင်ငံမှာတော့ တတိယအကြိမ်အဖြစ် ကျင်းပတာဖြစ်ပြီး ဒီနေ့မှာ မန္တလေး၊ စစ်ကိုင်း၊ ရန်ကုန်တို့မှာ တပြိုင်နက်တည်း ကျင်းပနေကြတာဖြစ်ပါတယ်။ ဒီအခမ်းအနားကို စစ်ကိုင်းတိုင်း အလုပ်ရုံနှင့် အလုပ်သမား စစ်ဆေးရေးဦးစီးဌာနမှတာဝန်ရှိသူတွေ၊ အလုပ်ရှင်တွေ၊ အလုပ်ရုံတွေက ကိုယ်စားလှယ်တွေ၊ အလုပ်သမား အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။ “ILO နဲ့ပူးပေါင်းပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးတို့ကို အလုပ်သမား၊ အလုပ်ရှင်တွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိဖို့ လုပ်ဆောင်တာပါ။ လက်ရှိမှာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ပတ်သက်လို့ အသိပညာ အားနည်းနေပါသေးတယ်။ အလုပ်သမားတွေရပိုင်ခွင့် ဥပဒေအတိုင်း ပြည့်ပြည့်ဝဝမှန်မှန်ကန်ကန်ရရှိဖို့၊ လုပ်ငန်းခွင်မှာ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာပျော်ရွှင်ဖို့ပါ” လို့ ဒုတိယညွှန်ကြားရေးမှု ဦးအောင်ကျော်ဦးက တိုက်တွန်းပြောကြားခဲ့ပါတယ်။ စစ်တမ်းတွေအရ ကမ္ဘာတဝှမ်းရှိ လုပ်ငန်းခွင်တွေမှာ လူငယ်အလုပ်သမားတွေ မတော်တဆ ထိခိုက်ဖြစ်ပွားမှုနှုန်းက လူကြီးအလုပ်သမားတွေထက် ၄၀ ရာခိုင်နှုန်း ပိုများနေတယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းမှာ အလုပ်ရုံနှင့် အလုပ်သမားစစ်ဆေးရေးဦးစီးဌာန ခရိုင်ရုံး ၅ ရုံးဖွင့်ထားပြီး စက်ရုံအလုပ်ရုံပေါင်း ၂၂၄၇ ရုံ၊ အလုပ်ဌာနပေါင်း ၇၄၁၇ ခုနဲ့ အလုပ်သမား ၃၄၀၀၀ နီးပါးရှိပါတယ်။ သစ်အခြေခံလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းတွေ အများဆုံးရှိတယ်လို့ ဆိုပါတယ်။ အရင်နှစ်က လစဉ်စစ်ဆေးမှုတွေအတွင်း အမှု ၆ ခုရှိခဲ့ပြီး ဒီနှစ်မှာတေ့ ၅ မုသာရှိတယ်လို့ ဆိုပါတယ်။ ဌာနက စစ်ဆေးခွင့်ရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာတော့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကြောင့် သေဆုံးမှု မရှိခဲ့ဘူးလို့လည်းဆိုပါတယ်။ လက်ရှိအနေအထားအရ မြန်မာနိုင်ငံမှာ လစာ၊ နည်းပညာ၊ အလုပ်ချိန်တွေနဲ့ပတ်သက်လို့ အလုပ်ရှင် အလုပ်သမားပြဿနာတွေလည်း များစွာဖြစ်ပေါ်နေဆဲဖြစ်ပြီး အလုပ်သမားအခွင့်အရေးတွေ များစွာဆုံးရှုံးနေဆဲဖြစ်ပါတယ်။
2 years Ago

April 25, 2018

လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းနှင့် ကျန်းမာရေးဥပဒေသစ် လွှတ်တော်ကိုပေးပို့ထား

  လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းနဲ့ ကျန်းမာရေးဥပဒေသစ်တခု ပြုစုပြီး လွှတ်တော်ကို ပေးပို့ထားတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကပြောပါတယ်။ ဧပြီ၂၅ ရက်က အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)နဲ့ ပူးပေါင်း ပြုလုပ်တဲ့ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီးက ပြောတာပါ။ ဘေးအန္တရာယ်ကင်းပြီး ကျန်းမာရေးနဲ့ညီတဲ့ လုပ်ငန်းခွင်တွေဖြစ်ဖို့၊ တည်ဆဲဥပဒေတွေအရ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနဲ့ အကျုံးမဝင်သေးတဲ့ ကဏ္ဍတွေ အကျုံးဝင်လာဖို့နဲ့ ဌာနအသီးသီးက ဆောင်ရွက်ရမယ့်အစား တာဝန်ရှိတဲ့ အဖွဲ့အစည်းတခုက ဦးဆောင်ပြီး ဆောင်ရွက်တဲ့ အခင်းအကျင်းတခုဖြစ်ဖို့ ရည်ရွယ်ပြီး အခုလို ဥပဒေသစ်တရပ် ရေးဆွဲပြီး လွှတ်တော်ကို ပေးပို့ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက “လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုတာ စဉ်ဆက်မပြတ် လုပ်ခဲ့ပေမယ့် အားနည်းချက်တွေ ရှိနေတယ်။ အသိပညာပေးမှုတွေ၊ သူတို့ အသုံးပြုရမယ့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဝတ်စုံတွေ၊ ဘေးအန္တရာယ်ဖြစ် ပြီးရင်လည်း သူတို့ကို ကာကွယ်စောင့်ရှောက်မယ့် ကိစ္စတွေ၊ ဒါတွေဟာ တတ်နိုင်သလောက် ဆောင်ရွက်နေပေမယ့်လည်း အားနည်းချက်တွေ၊ လိုအပ်ချက်တွေ ရှိနေတယ်။ လာမယ့်ကာလတွေမှာတော့ ဥပဒေပြဋ္ဌာန်းပြီးပြီ ဆိုရင် ပညာပေးမှုတွေရော စစ်ဆေးမှုတွေရော အရေးယူမှုတွေရော ထောက်ပံ့မှုတွေရော ဆက်လက်လုပ်သွားမယ်ဆိုရင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးဟာ ဖွံ့ဖြိုးတိုးတက်လာမယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ နှစ်စဉ် လုပ်ငန်းခွင်ထိခိုက်မှု ရှိနေပြီး လျော့နည်းအောင် စီမံချက်ချ ဆောင်ရွက်နေတယ်လို့ ဆိုပါ တယ်။ “ILO ကလည်း ပြောထားတယ်။ မြန်မာနိုင်ငံမှာ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပြည့်ပြည့်စုံစုံရရှိဖို့ လိုတယ်ဆိုတာ၊ ဒါလည်း အမှန်ပါပဲ။ ဌာနမှာလည်း ရှိသင့်သလောက် ရှိပါတယ်။ လုပ်ငန်းခွင်မှာ မတော်တဆဖြစ်တယ်ဆိုရင် သွားပြီးတော့ စစ်ဆေးတယ်။ ဘာကြောင့်ဖြစ်တာလဲ ဖော်ထုတ်တယ်။ လိုအပ်တဲ့ အရေးယူမှုတွေ ပြုပြင်မှုတွေ ချက်ချင်း လုပ်ခိုင်းပါတယ်။ သို့သော် ဆက်လုပ်ဖို့လိုနေတယ်လို့ အလေးအနက်ထား ပြောလိုပါတယ်” လို့လည်းဝန်ကြီးကပြောပါတယ်။ ဥပဒေပြဋ္ဌာန်းပြီးရင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာ သင်တန်းကျောင်းတွေ၊ စစ်ဆေးရေးအရာရှိတွေ၊ အလုပ်ရှင်၊ အလုပ်သမား နှစ်ပွင့်ဆိုင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေးကော်မတီတွေ၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် အမျိုးသားလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးကောင်စီ ဖွဲ့စည်းတာ စတာတွေကို ဆောင်ရွက်မယ်လို့ သိရပါတယ်။
3 years Ago
Up