လီဝန်ဒေါ့စကီး

December 12, 2020

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရရန် လီဝန်ဒေါ့စကီး ရေပန်းစား

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို မက်ဆီနဲ့ ရော်နယ်ဒိုတို့ကို ကျော်ဖြတ်ပြီး လီဝန်ဒေါ့စကီး ရဖို့ ရေပန်းစားနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွက် ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ဆန်ခါတင် ၃ ဦးစာရင်းကိုလည်း ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ဖီဖာက ထုတ်ပြန်လိုက်ပါတယ်။  ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါ့စကီး၊ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီနဲ့ ဂျူဗင်တပ်စ် တိုက်စစ်မှူး ရော်နယ်ဒိုတို့ ပါဝင်ပြီး လီဝန်ဒေါ့စကီးက ရေပန်းအစားဆုံး ဖြစ်နေတာပါ။ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါ့စကီးဟာ ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံဆုဖလား ရယူနိုင်ခဲ့သလို သွင်းဂိုး ၁၅ ဂိုးနဲ့ ဂိုးအများဆုံးသွင်းခဲ့တာပါ။  ဘွန်ဒက်စ်လီဂါမှာလည်း သွင်းဂိုး ၃၄ ဂိုးနဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆု ရရှိခဲ့ပြီး ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တာပါ။  အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင် ၃ ဦးမှာတော့ ဘိုင်ယန်နည်းပြ ဟမ်ဆီဖလစ်၊ လီဗာပူးနည်းပြ ကလော့ပ်နဲ့ လိဒ်ယူနိုက်တက်နည်းပြ ဘီယက်ဆာတို့ ပါဝင်ပါတယ်။  အကောင်းဆုံးဆုတွေကိုတော့ လာမယ့် ဒီဇင်ဘာ ၁၇ ရက်နေ့ အခမ်းအနားနဲ့ ဆုချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။
12 months Ago

August 10, 2020

လီဝန်ဒေါ့စကီးက အကောင်းဆုံးတိုက်စစ်မှူးဖြစ်ကြောင်း သြဂုတ် ၁၅ နေ့ မြင်ရမည်ဟု မူလာပြော

မက်ဆီနဲ့ လီဝန်ဒေါ့စကီး ဘယ်သူက ပိုကောင်းသလဲဆိုတာ သြဂုတ် ၁၅ ရက်မှာ အဖြေပေါ်လိမ့်မယ်လို့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး သောမက်စ်မူလာက ပြောပါတယ်။  ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာအသင်းတို့ဟာ လာမယ့် သြဂုတ် ၁၅ ရက်  မနက် ၁ နာရီခွဲမှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာပါ။  လီဝန်ဒေါ့စကီးဟာ ချဲလ်ဆီးကို အနိုင်ရတဲ့ပွဲစဉ်မှာ အနိုင်ဂိုး ၂ ဂိုးသွင်းခဲ့သလို ဂိုးဖန်တီးမှု ၂ ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ လီယွန်နယ်မက်ဆီဟာလည်း နာပိုလီကို အနိုင်ရတဲ့ပွဲမှာ ၁ ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့တာပါ။  လီဝန်ဒေါ့စကီးက ပြိုင်ပွဲစုံ ၄၄ ပွဲမှာ ၅၃ ဂိုးအထိ သွင်းယူထားတာကြောင့် အခုနှစ်ရာသီမှာ အကောင်းဆုံးတိုက်စစ်မှူးဖြစ်တယ်လို့ အသင်းဖော် မူလာက ချီးကျူးထားတာပါ။  မက်ဆီနဲ့ လီဝန်ဒေါ့စကီး ဘယ်သူပိုကောင်းသလဲဆိုတာ သြဂုတ် ၁၅ ရက်မှာ မြင်တွေ့ရမှာဖြစ်ပြီး လီဝန်ဒေါ့စကီးက အဖြေပေးသွားလိမ့်မယ်လို့ သောမက်စ်ပူလာက ပြောကြားခဲ့ပါတယ်။ ဘိုင်ယန်အသင်းဟာ ပြည်တွင်း ဆုဖလား ၂ လုံးလည်း ရယူထားပြီး ချန်ပီယံလိဂ်ဖလားကိုလည်း ပစ်မှတ်ထားနေပါတယ်။
1 year Ago
More News
Up