လီဗာပူး နည်းပြ

December 22, 2019

ဆုဖလားကြောင့် ဝမ်းမြောက်ခဲ့သော်လည်း ချိန်ဘာလိန် ဒဏ်ရာရခဲ့သဖြင့် စိတ်ထိခိုက်ခဲ့ရဟု လီဗာပူး နည်းပြပြော

ကမ္ဘာ့ကလပ်များဖလားကို သိမ်းပိုက်နိုင်ခဲ့လို့ ပျော်ရွှင်ရပေမယ့် ကွင်းလယ်လူ ချိန်ဘာလိန် ဒဏ်ရာရရှိခဲ့မှုက စိတ်ထိခိုက်စရာ ဖြစ်စေခဲ့တယ်လို့ လီဗာပူး နည်းပြ ဂျာဂန်ကလော့ က ဝန်ခံပါတယ်။ ဒီဇင်ဘာ ၂၁ ရက် ညက ဖလာမင်ဂိုအသင်းနဲ့ ပွဲစဉ်မှာ လီဗာပူးအသင်းဟာ တိုက်စစ်မှူး ဖာမီနိုရဲ့ တလုံးတည်းသော အချိန်ပို အနိုင်ဂိုးနဲ့အတူ ခက်ခက်ခဲခဲ အနိုင်ရရှိခဲ့ကာ ဖလားကို ကိုင်မြှောက်အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒီဗိုလ်လုပွဲမှာ အနိုင်ရရှိခဲ့ပေမယ့် လီဗာပူးအသင်းရဲ့ အားထားရတဲ့ ကွင်းလယ်ကစားသမား ချိန်ဘာလိန် ဒဏ်ရာရရှိခဲ့ပြီး ပွဲချိန် ၇၅ မိနစ်မှာတင် လူစားလဲခဲ့ရတာကြောင့် လီဗာပူးအတွက် အရင်းအနှီး ကြီးမားခဲ့ပါတယ်။  ချိန်ဘာလိန်ရဲ့ ဒဏ်ရာဟာ ပြင်းထန်ပုံရခဲ့ပြီးတော့ ဒါဟာ ကလော့အတွက် စိတ်မသက်သာစရာ ကိစ္စတခု ဖြစ်ခဲ့ရတာပါ။ အသက် ၂၆ နှစ်အရွယ် ချိန်ဘာလိန်ဟာ အသင်းခေါင်းဆောင် ‌ဂျော်ဒန်ဟန်ဒါဆန်၊ နာဘီကီတာတို့နဲ့ ဗိုလ်လုပွဲလူစာရင်းမှာ ပွဲထွက်ခွင့်ရရှိခဲ့ပေမယ့် အဲဗာတန် ရီဘီရီယိုနဲ့ ဘောလုံးယှဉ်လုမှု တခုမှာ ညာဘက် ခြေချင်းဝတ် ဒဏ်ရာရခဲ့တာပဲ ဖြစ်ပါတယ်။ ပွဲအပြီး လီဗာပူးအသင်း အောင်ပွဲခံချိန်မှာ ချိန်ဘာလိန်ကို ချိုင်းထောက်နဲ့ တွေ့ခဲ့ရပြီး “သူ့ပုံစံကတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် အကောင်းဆုံး အနေအထားမှာတော့ ရှိမနေဘူးပေါ့။ သူ့အရွတ်က ဆန့်သွားတာလား၊ ပျက်သွားတာလား ဆိုတာ ကျနော်တို့ စောင့်ကြည့်ရပါ့မယ်။ ဒီဖြစ်ရပ်ဟာ ကျနော်တို့ အောင်ပွဲမှာ စိတ်ကသိကအောက်ဖြစ်စရာ ဖြစ်ခဲ့ပေမယ့် ဒါဟာ ပြင်းထန်တဲ့ ပြိုင်ပွဲတွေက ဘာလဲဆိုတာကို ပြသနေပါတယ်” လို့ ကလော့က ပြောပါတယ်။  အခုချိန်မှာ ချိန်ဘာလိန်ရဲ့ ဒဏ်ရာကို စစ်ဆေးမှုတွေ ပြုလုပ်ထားပြီး ဒဏ်ရာပြင်းထန်တယ် ဆိုရင်တော့ ဒါဟာ သူ့အတွက် နောက်ထပ် အိပ်မက်ဆိုးတခု ဖြစ်လာနိုင်ဖို့ ရှိနေပါတယ်။  အင်္ဂလန် လက်ရွေးစင်ကစားသမားဟာ ၂၀၁၇-၂၀၁၈ ရာသီမှာလည်း ပြင်းထန်တဲ့ ဒူးဒဏ်ရာကို ရရှိခဲ့ပြီး လီဗာပူးအသင်းရဲ့ ပြီးခဲ့တဲ့ရာသီ ပွဲစဉ်တော်တော်များများကို လွဲချော်ခဲ့သူ ဖြစ်ပါတယ်။
2 years Ago
Up