လီဗာပူး၊

May 13, 2018

လီဗာပူး၊ ချဲလ်ဆီး ချန်ပီယံလိဂ်ဝင်ခွင့် ဘယ်အသင်းရမလဲ

ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ် ၃၈ ရဲ့ ပွဲအားလုံးကို မေလ ၁၃ ရက်နေ့ မြန်မာစံတော်ချိန် ည ၈း၃၀ မှာ တချိန်တည်း ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဒီ နောက်ဆုံးပွဲစဉ်တွေမှာ အသင်းအများစုက အဖြေထွက်ပြီး ဖြစ်ပေမယ့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရ လေးသင်းထဲ ပါဖို့ လီဗာပူးနဲ့ ချဲလ်ဆီးတို့ အပြိုင်အဆိုင် ရုန်းကန်ကြရမှာပါ။ လက်ရှိ လီဗာပူးက ရမှတ် ၇၂ မှတ်၊ ဂိုးကွာခြားချက် ၄၂ ဂိုးနဲ့ အဆင့် ၄ မှာ ရပ်တည်နေပြီး ချဲလ်ဆီးကတော့ ရမှတ် ၇၀၊ ဂိုးကွာခြားချက် ၂၇ ဂိုးနဲ့ အဆင့် ၅ နေရာမှာ ရှိနေတာပါ။ ဒီနှစ်သင်းရဲ့ ဂိုးကွာခြားချက် ၁၅ ဂိုးအထိ ရှိနေတဲ့အတွက် လီဗာပူးက တပန်းသာနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီတပတ် နောက်ဆုံးပွဲစဉ်အဖြစ် လီဗာပူးက အိမ်ကွင်းမှာ ဘရိုက်တန်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ချဲလ်ဆီးကတော့ အဝေးကွင်းမှာ နယူးကာဆယ်နဲ့ တွေ့ဆုံနေပါတယ်။ လီဗာပူးက အနည်းဆုံး သရေတမှတ်ရတာနဲ့ အဆင့် ၄ နေရာကို ဆုပ်ကိုင်နိုင်ဖို့ အလားအလာများနေပြီး ချဲလ်ဆီးကတော့ နယူးကာဆယ်ကို အနိုင်ကန်ပြီး လီဗာပူးရလဒ်ကိုလည်း စောင့်ကြည့်ရမယ့် အနေအထား ဖြစ်နေပါတယ်။ ဒီနှစ်သင်းရဲ့ လက်ရှိအနေအထားအရ လီဗာပူးဟာ ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲအထိ တက်ရောက်ထားပြီး လာမယ့် မေလ ၂၆ ရက်ညမှာ ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။ အလားတူ ချဲလ်ဆီးကလည်း အင်္ဂလန် အက်ဖ်အေဖလား ဗိုလ်လုပွဲအဖြစ် မေလ ၁၉ ရက်နေ့မှာ မန်ချက်စတာယူနိုက်တက်နဲ့ ဖလားလုရမှာပါ။ နှစ်သင်းစလုံးအတွက် ဒီရာသီ တလုံးတည်းသော သိက္ခာဆည်ဖလား ဖြစ်တာမို့ အဲဒီပွဲတွေကိုလည်း အာရုံစိုက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ လီဗာပူး - ဘရိုက်တန် ချန်ပီယံလိဂ် ဗိုလ်လုပွဲနွှဲဖို့ နှစ်ပတ်လိုသေးတာမို့ လီဗာပူး ဒီပွဲမှာ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာဖို့ ရှိနေပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီး ဝက်စ်ဘရွန်းနဲ့ ၂ ဂိုးစီသရေ၊ စတုတ်နဲ့ ဂိုးမရှိသရေကျပြီး ချဲလ်ဆီးကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီပွဲတွေမှာ လီဗာပူးကစားပုံ မဆိုးလှပေမယ့် တိုက်စစ်မှူးတွေ ဂိုးကံခေလို့သာ လီဗာပူး လိုအပ်တဲ့ အနိုင်ရလဒ် မရခဲ့တာပါ။ လီဗာပူးဟာ ဘယ်အသင်းနဲ့တွေ့တွေ့ ကစားပုံ လျော့တိလျော့ရဲမရှိဘဲ ဂရုစိုက် ယှဉ်ပြိုင်တာကို တွေ့ရပါတယ်။ ဘရိုက်တန်အသင်းကတော့ ရမှတ် ၄၀ နဲ့ လက်ရှိ အဆင့် ၁၄ မှာ ရပ်တည်နေပြီး တန်းဆင်းရမယ့် အန္တရာယ်လည်း မရှိတော့တာမို့ ဒီပွဲကို စိတ်အေးလက်အေးနဲ့ ယှဉ်ပြိုင်မှာပါ။ ဘရိုက်တန်ဟာ အစောပိုင်းက တန်းဆင်းဇုန်အသင်းတွေနဲ့ အမှတ်မကွာတာမို့ ရုန်းကန်ကစားခဲ့ပြီး ပရီးမီးယားလိဂ် နောက်ဆုံးသုံးပွဲဆက် ရှုံးပွဲမရှိဘဲ အမှတ်တွေ စုဆောင်းနိုင်ခဲ့ပါတယ်။ အဲဒီသုံးပွဲမှာ စပါးနဲ့ ၁ ဂိုးစီသရေ၊ ဘန်လေနဲ့ ဂိုးမရှိသရေကျပြီး မန်ယူကို အိမ်ကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရအောင် ကစားနိုင်ခဲ့ပါတယ်။ နှစ်သင်းနှိုင်းယှဉ်မှုအရတော့ လီဗာပူးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အိမ်ကွင်းရှုံးပွဲ လုံးဝမရှိသေးတဲ့ တသင်းတည်းသော အသင်းဖြစ်ပြီး ဘရိုက်တန်ကတော့ အဝေးကွင်း အားနည်းတဲ့အသင်း ဖြစ်နေပါတယ်။ ဘရိုက်တန်ဟာ အဝေးကွင်း ၁၈ ပွဲယှဉ်ပြိုင်ခဲ့ပြီးရာမှာ နိုင်ပွဲ ၂ ပွဲပဲရှိပြီး ၁၁ ပွဲအထိ ရှုံးနိမ့်ထားပါတယ်။ ဒီနှစ်သင်း ပထမအကျော့ တွေ့ဆုံခဲ့စဉ်ကလည်း လီဗာပူးကပဲ ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီး အခုတကြိမ်တွေ့ဆုံမှုမှာလည်း ချန်ပီယံလိဂ် ဝင်ခွင့်ရမယ့် အဆင့် ၄ နေရာမှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့အတွက် အာရုံစိုက်ယှဉ်ပြိုင်လာမယ့် အိမ်ရှင် လီဗာပူးပဲ လိုအပ်တဲ့ အနိုင်ဂိုးတွေသွင်းပြီး အောင်ပွဲဆင်သွားလိမ့်မယ်လို့ ခန့်မှန်းမိပါတယ်။ နယူးကာဆယ် - ချဲလ်ဆီး နယူးကာဆယ်ဟာ အမှတ်လိုနေတဲ့ အချိန်တွေတုန်းက ကစားပုံကောင်းမွန်ခဲ့ပြီး အာဆင်နယ်၊ လက်စတာတို့ကိုတောင် အနိုင်ယူနိုင်တဲ့အထိ ရုန်းကန်ကစားခဲ့သလို ခြေစွမ်းလည်း ထက်မြက်ခဲ့ပါတယ်။ အဲဒါကြောင့်လည်း လက်ရှိ အမှတ်ပေးဇယားမှာ ရမှတ် ၄၁ မှတ်နဲ့ အဆင့် ၁၀ မှာ ရပ်တည်နေနိုင်တာပါ။ ဒါပေမယ့် တန်းဆင်းဇုန်နဲ့ဝေးပြီး အမှတ်ပေးဇယား အလယ်လောက်မှာ ရပ်တည်နိုင်ပြီးနောက်ပိုင်း ကစားပုံ ကျဆင်းသွားတာကိုလည်း တွေ့ရပါတယ်။ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် သုံးပွဲစလုံး နယူးကာဆယ် ရလဒ်မကောင်းခဲ့ဘဲ အဲဗာတန်ကို ၁ ဂိုး ဂိုးမရှိ၊ ဝက်စ်ဘရွန်းကို ၁ ဂိုး ဂိုးမရှိ၊ ဝတ်ဖို့ဒ်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နယူးကာဆယ်ဟာ အိမ်ကွင်းမှာဆို ကစားရခက်တဲ့အသင်းဖြစ်ပြီး ပြိုင်ဘက်အသင်းတိုင်းကို ဒုက္ခပေးတတ်တဲ့ အစဉ်အလာတော့ ရှိနေပါတယ်။ ချဲလ်ဆီးအသင်းအတွက်တော့ ဒီနောက်ဆုံးပွဲဟာ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အရေးကြီးတာမို့ အနိုင်ရရေး ဖောင်ဖျက်ကစားလာမှာ သေချာပါတယ်။ နောက်ဆုံးယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ် သုံးပွဲမှာ ချဲလ်ဆီး ရှုံးပွဲမရှိဘဲ ဆွမ်ဆီးကို ၁ ဂိုး ဂိုးမရှိ၊ လီဗာပူးကို ၁ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး ဟတ်ဒါဖီးလ်ဒ်နဲ့ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ ချဲလ်ဆီးတိုက်စစ် ဂိုးရဖို့ ရုန်းကန်ခဲ့ရတာကို တွေ့ရပြီး အဲဒီသုံးပွဲစလုံးမှာလည်း ၁ ဂိုးစီပဲ သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီနှစ်သင်း ပထမအကျော့ ချဲလ်ဆီးကွင်းမှာ ယှဉ်ပြိုင်ခဲ့တုန်းက အိမ်ရှင်အသင်း ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် အခု ဒုတိယအကျော့မှာတော့ အိမ်ကွင်းမာတဲ့ နယူးကာဆယ်ကြောင့် ဂိုးနည်းနည်းနဲ့ သရေကျသွားနိုင်သလို အနိုင်ရလဒ်အတွက် ဆိုရင်တော့ အမှတ်လိုအပ်ချက် ရှိနေတဲ့ ချဲလ်ဆီးပဲ ကပ်ပြီး အနိုင်ရသွားလိမ့်မယ်လို့ ယူဆမိပါတယ်။
3 years Ago
Up