လီဂီယာဝါဆော

A d v e r t i s e m e n t With Us

November 3, 2016

ချန်ပီယံလိဂ်တွင် ရီးရဲလ်နှင့် လီဂီယာဝါဆော ၃ ဂိုးစီ သရေကျ (ရုပ်သံဟိုက်လိုက်)

ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ် အုပ်စု အက်ဖ် ပွဲစဉ် ၄ အဖြစ် ပိုလန်ကလပ် လီဂီယာဝါဆောနဲ့ စပိန် လာလီဂါထိပ်သီး ရီးရဲလ်မက်ဒရစ်တို့ နိုဝင်ဘာ ၂ ရက်ညက ယှဉ်ပြိုင်ရာ တဘက် ၃ ဂိုးစီနဲ့ သရေကျသွားပါတယ်။ ပိုလန်ကလပ်အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ဂျာမန်ကလပ် ဒေါ့မွန်နဲ့ စက်တင်ဘာ ၁၅ ရက်က ယှဉ်ပြိုင်စဉ် ပရိသတ်တွေ သောင်းကျန်းခဲ့လို့ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ကွင်းပိတ်ပြစ်ဒဏ် ချမှတ်ခံထားရတာမို့ ရီးရဲလ်နဲ့ပွဲကို ပရိသတ်မပါဘဲ ကစားခဲ့ရတာပါ။ ပွဲစပြီး ၅၇ စက္ကန့်မှာပဲ ရီးရဲလ်တိုက်စစ်မှူး ဘေးလ်က အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး ဒီဂိုးဟာ ချန်ပီယံလိဂ်သမိုင်းတလျှောက် အမြန်ဆုံးဂိုးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီနောက် ပွဲချိန် ၃၅ မိနစ်မှာ ဘန်ဇီမာက ရီးရဲလ်အတွက် ဒုတိယဂိုး သွင်းယူပေးခဲ့ပေမယ့် မိနစ် ၄၀ မှာ လီဂီယာဝါဆောက တဂိုး ပြန်ချေပခဲ့လို့ ပထမပိုင်းမှာ ရီးရဲလ်က ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ရီးရဲလ်ဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုအသာ ဂိုးကန်သွင်းခွင့် အပြတ်အသတ် အသာစီးရခဲ့ပေမယ့်လည်း လီဂီယာဝါဆောရဲ့ ဒုတိယပိုင်း သွင်းဂိုးတွေကြောင့် သရေကျသွားခဲ့တာပါ။ ပွဲချိန် ၅၈ မိနစ်နဲ့ ၈၃ မိနစ်တွေမှာ လီဂီယာဝါဆောက ၂ ဂိုးသွင်းယူပြီး ၃ ဂိုး ၂ ဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ၈၅ မိနစ်မှာ ကိုဗာဆစ်က ရီးရဲလ်အတွက် ချေပဂိုးသွင်းယူခဲ့လို့ ပွဲအပြီးမှာ ၃ ဂိုးစီ သရေကျသွားခဲ့ပါတယ်။ တချိန်တည်းကန်တဲ့ အုပ်စု အက်ဖ် အခြားပွဲစဉ်မှာတော့ ဂျာမန်ကလပ် ဒေါ့မွန်ကလပ် ပေါ်တူဂီကလပ် စပို့တင်းစီပီကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီအုပ်စုက ပွဲစဉ် ၄ ကစားအပြီးမှာတော့ ဒေါ့မွန်က ရမှတ် ၁၀ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေပြီး ရီးရဲလ်က ရမှတ် ၈ မှတ်နဲ့ အုပ်စု ဒုတိယ၊ စပို့တင်းစီပီက ၃ မှတ်နဲ့ အုပ်စုတတိယ၊ လီဂီယာဝါဆောကတော့ ၁ မှတ်ပဲ ရထားပြီး အုပ်စု အောက်ဆုံးမှာ အသီးသီး ရပ်တည်နေပါတယ်။
4 years Ago
Up