လှိုင်မြို့နယ်

November 16, 2017

လှိုင်မြို့နယ် ၃ လောင်းပြိုင်လူသတ်လုယက်မှု ကျူးလွန်သူကို ၃ နာရီတွင်း ဖမ်းမိ

ရန်ကုန်တိုင်း လှိုင်မြို့နယ်မှာ  ဖြစ်ပွားခဲ့တဲ့ သုံးလောင်းပြိုင်လူသတ်၊ လုယက်မှုကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့က အခင်းဖြစ်ရပ်စစ်ဆေးပြီးနောက် ပြစ်မှုကျူးလွန်သူကို ၃ နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၁၅ ရက်နေ့ ညပိုင်းမှာ လှိုင်မြို့နယ်၊ (၉)ရပ်ကွက် လှိုင်သီရိအိမ်ရာ၊ တိုက် (၃) ရှိ အခန်းတခန်း အပြင်ဘက်မှာ အခန်းတံခါးသော့ခတ်ပိတ်ထားပြီး လှေကားထိပ်မှာ အပုပ်နံ့ ထွက်နေတဲ့ အ၀ါရောင်အရည်များကျဆင်းနေကြောင်း တွေ့ရှိရတဲ့အတွက် အနီးတိုက်ခန်းနေသူမှ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးနဲ့ ရဲစခန်းကို ဆက်သွယ်တိုင်ကြားခဲ့တာပါ။ တာဝန်ရှိသူတွေရောက်ရှိလာပြီး တိုက်ခန်းပိုင်ရှင်တွေထံ ဖုန်းနဲ့ ဆက်သွယ်အကြောင်း ကြားခဲ့ပေမယ့်လည်း အဆက်သွယ်မရရှိတဲ့အတွက် အခန်းတံခါးသော့ဖျက်ဝင်ရောက် ကြည့်ရှုရာ နေအိမ်တွင်း တိုက်ခန်းကြမ်းပြင်ပေါ်မှာ မကေသီလှိုင် (၄၀ နှစ်)နဲ့ သမီးဖြစ်သူ မသာယာထွန်း၊ (၉ နှစ်) တို့မှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရပြီး အိပ်ခန်းအ၀င်ဝမှာ အလုပ်သမားဖြစ်သူ မအေးမာဦး (၂၅ နှစ်) မှာလည်း ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ လှိုင်မြို့မရဲစခန်းက အခင်းဖြစ်တိုက်ခန်းမှာ အမှုနဲ့ပတ်သက်တဲ့ သတင်းစုံစမ်းခဲ့ရာ သေဆုံးသူ မကေသီလှိုင်အလုပ်လုပ်တဲ့ စားသောက်ဆိုင်မှ ၀န်ထမ်းဖြစ်သူ ဇွဲလင်းထက်ရဲ့ လက်မှာ ဓားဒဏ်ရာရရှိထားတဲ့သတင်းအရ ဇွဲလင်းထက်ကိုရှာဖွေခဲ့ရာ ရွှေပြည်သာမြို့နယ်၊ (၁၉) ရပ်ကွက် နေအိမ်မှာတွေ့ရှိပြီး ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ရာမှ အမှုမှန်ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၉ ရက်နေ့ မနက်စောစောမှာ ဇွဲလင်းထက်မှာ သူအလုပ်လုပ်တဲ့ ဆိုင်မန်နေဂျာဖြစ်သူ မကေသီလှိုင်ရဲ့ နေအိမ်တိုက်ခန်းသို့ ရောက်ရှိလာပြီး လစာတိုးပေးဖို့ကိစ္စ ပြောဆိုရာ မကေသီလှိုင်က လစာတိုးမပေးနိုင်သေးကြောင်း ပြောဆိုရာမှ စကားများပြီး မကေသီလှိုင်မှ အိပ်ခန်းအတွင်း ပြေးဝင်သွားစဉ် ဇွဲလင်းထက်မှ လက်သီးနဲ့ လိုက်လံထိုးခဲ့တာ ကြောင့် မအေးမာဦးမှ နောက်ကလိုက်ဆွဲခဲ့ပြီး မကေသီလှိုင်မှ အိပ်ခန်းအတွင်းရှိဓားဦးချွန်ယူကာ ထိုးမယ်လို့တဲ့အတွက် ဓားကိုလုယူကာ မကေသီလှိုင်ကို ထိုးခဲ့တဲ့အပြင် မအေးမာဦးကိုလည်း ဓားနဲ့ ထိုးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် မကေသီလှိုင်ရဲ့ သမီး မသာယာထွန်းမှ ၀င်ရောက် ဟန့်တားခဲ့တဲ့အတွက် မသာယာထွန်းကိုလည်း ဓားနဲ့ထပ်မံထိုးခဲ့ရာ လဲကျသွားခဲ့ပြီး  မသေသေးတဲ့အတွက် နေအိမ်မီးဖိုချောင်ရှိ အသားခုတ်စတီးဓားယူကာ ဦးခေါင်းကို ထပ်မံခုတ်ခဲ့ လို့သေဆုံးသွားခဲ့ပါတယ်။ ဒီနောက် ငွေကျပ် ၄ သိန်း၊ ရွှေထည်ပစ္စည်းတွေ၊ လက်တော့၊ ဖုန်းနဲ့ မော်တော်ကားသော့ယူ ဆောင်ကာ နေအိမ်တံခါးကို အပြင်မှ သော့ခတ်ခဲ့ပြီး အောက်ထပ်သို့ ဆင်းလာခဲ့ပြီး မကေသီလှိုင် စီးနင်းအသုံးပြုတဲ့ကားကို မောင်းနှင်ထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ လူသတ်မှုနဲ့ ပတ်သက်ပြီး အသေးစိတ်ထပ်မံစစ်ဆေးနေပြီး ထပ်မံဖော်ထုတ်ရရှိတဲ့ ဖော်ထုတ်ချက်တွေကိုလည်း ဆက်လက် အသိပေးဖော်ပြသွားမယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
5 years Ago

November 1, 2016

လှိုင်မြို့နယ်တွင် မဲစာရင်းများ စတင်ကောက်ယူ

  လာမယ့်ဧပြီ ၁ရက်နေ့  ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ်တွေထဲက တခုဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှာ ရွေးကောက်ပွဲကော်မရှင်က  ဒီကနေ့ မဲဆန္ဒရှင်စာရင်းတွေ စတင်ကောက်ခံနေပါတယ်။  ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၆) နေရာမှာ လွှတ်တော်ကိုယ်စားလှယ် ၁နေရာ လစ်လပ်နေတဲ့အတွက်   ဒီမဲဆန္ဒနယ်နဲ့ သက်ဆိုင်တဲ့ ဆိပ်ကမ်း၊ လသာ၊ လှိုင်၊ လမ်းမတော်၊ အလုံမြို့နယ်တွေမှာ ရွေးကောက်ပွဲကျင်းပဖို့ရှိနေတာ ဖြစ်ပါတယ်။ လစ်လပ်နေရာ၁၉ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ့် မြို့နယ်တွေမှာ မဲစာရင်းတွေမှန်ကန်ဖို့ ကော်မရှင် အမှုထမ်းတွေက တစ်အိမ်တက်ဆင်း (Door to Door) စနစ်နဲ့  နိုဝင်ဘာ ၁ ရက်ကနေ ၃၀ ရက်ထိ မဲစာရင်းတွေကောက်ခံမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့  မဲဆန္ဒရှင်အမည်စာရင်းတွေ မှားယွင်းတာ၊ ကျန်နေခဲ့တာ၊ အသက်သေဆုံးသူတွေ မဲစာရင်းထဲပါနေတာတွေရှိခဲ့လို့ ဝေဖန်ခံခဲ့ရတာ ဖြစ်ပါတယ်။    
6 years Ago
Up